ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ကိုမြတ်သူထွန်း (ခေါ်) ဖိုးသီဟ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ မြန်မာစစ်ကောင်စီရဲ့ ဒီလိုသတ်ဖြတ်မှုတွေကို ဖိအားပေးဟန့်တားဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

သတင်းသမားတွေအပေါ် မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ဖမ်းဆီးထားတဲ့ သတင်းသမား ၆၂ ယောက် အမြန်ဆုံးလွတ်မြောက်ရေး ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားတယ်လို့ RSF ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ကိုမြတ်သူထွန်းဟာ ၂ဝ၂၂ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး အဲဒီအချိန်က စစ်တွေမြို့အခြေစိုက် Western News ဌာနမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။

သူဟာ မြောက်ဦးမြို့နယ်က အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီးနောက် သူ့ရုပ်အလောင်းကို တခြားအကျဉ်းသားတချို့ အလောင်းနဲ့အတူ မြောက်ဦးမြို့က ဗုံးခိုကျင်းတစ်ခုထဲမှာ တွေ့ရှိခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး RSF က ဖော်ပြထားပါတယ်။

ကိုမြတ်သူထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရတဲ့ ငါးယောက်မြောက် သတင်းထောက် ဖြစ်ပါတယ်။

RSF ရဲ့ ၂ဝ၂၃ ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံ ၁၈၀ ထဲမှာ ၁၇၃ အဆင့်ရှိပြီး ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အများဆုံး ဖမ်းဆီးထောင်ချထားတဲ့ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကိုဖမ်းဆီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

RFA Burmese