မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံလူဦးရေရဲ့ ၆.၂ ရာခိုင်နှုန်းရှိတဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်သတ်ဖြတ်မှုတွေ တိုးလာနေတဲ့အကြောင်း အမေရိကန် နိုင်ငံ၊ မေရီလန်း ပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Chin Association of Maryland က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်လိုက်တာနဲ့အတူ၊ မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေအကြောင်းကို အမေရိကန်နိုင်ငံအစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၂၉ရက်က ဝါရှင်တန်ဒီစီမြို့တော်ကအမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲ အခမ်းအနားကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် ခရစ်စ် စမစ် (Chris Smith)၊ အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ ဖရက်ဒရစ် ဒေဗီ (Frederick Davie)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ဒုတိယဥက္ကဋ္ဌ ဖရက်ဒရစ် ဒေဗီ (Frederick Davie) က စစ်ကောင်စီဟာ အာဏာသိမ်းလိုက်ပြီးကတည်းက ခရစ်ယာန် ဘာသာဝင်တွေ အပါအဝင် လူနည်းစုတွေကို ဖိနှိပ်မှုတွေ လုပ်နေတဲ့အကြောင်း၊ ကုလသမဂ္ဂရဲ့စာရင်းတွေအရ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၃ သန်းနဲ့ မြန်မာနိုင်ငံပြင်ပမှာ ဒုက္ခသည် ၁ ဒသမ ၃၅ သန်းအထိ ရှိနေတဲ့အကြောင်း ပြောသွားပါတယ်။

ဒီရှင်းလင်းပွဲအခမ်းအနားမှာ စစ်ကောင်စီရဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်တွေကို တက်ရောက်ပြောပြခဲ့ပြီး အမေရိကန်နိုင်ငံ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ ချင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေလည်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း တက်ရောက်စကားပြောခဲ့ပါတယ်။

ဒီရှင်းလင်းပွဲကို တက်ရောက်စကားပြောခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ နယူးဂျာစီပြည်နယ်အမတ် ခရစ်စ် စမစ် (Chris Smith)က မြန်မာနိုင်ငံအရေးနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်သွားဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့အာရုံစူးစိုက်ဆောင်ရွက်မှုတွေကို ထပ်တိုးဖို့ လိုနေတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က ဖိနှိပ်သတ်ဖြတ်မှုတွေ ဆက်လုပ်မြဲလုပ်နေတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ အောက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံမဲ့ Burma Act ဥပဒေကို အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဥပဒေထဲမှာ ထည့်သွင်းပြီး ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံအရေးကို ဦးစားပေးကိစ္စတစ်ခုအနေနဲ့ အာရုံစူးစိုက်ဆောင်ရွက်မှု မရှိသေးပါဘူး။ အခုအချိန်မှာ မြန်မာပြည်သူ တွေ အမြောက်အများဟာ စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ဘာသာရေးယုံကြည်ချက်ကြောင့် သတ်ဖြတ်ခံနေရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အောက်လွှတ်တော်အနေနဲ့ မြန်မာ့အရေးကြိုးပမ်းမှုတွေကို နှစ်ဆတိုးလုပ်ဖို့ လိုပါတယ်။ အမေရိကန်အောက်လွှတ်တော်အနေနဲ့ ဘာလုပ်သင့်သလဲဆိုတာ သိနိုင်ဖို့အတွက် ဒီနေ့ရှင်းလင်းပွဲကို လက်ခံကျင်းပနေတာ ဖြစ်ပါတယ်”

ဒီအခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ရှင်းလင်းပွဲဟာ မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် တရားမျှတမှု ရဖို့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် အခမ်းအနားတက်ရောက်လာသော အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌနဲ့ နယူးဂျာစီပြည်နယ် အောက်လွှတ်တော်အမတ် ခရစ်စ် စမစ် (Chris Smith)။ (Photo: RFA)
၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် အခမ်းအနားတက်ရောက်လာသော အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌနဲ့ နယူးဂျာစီပြည်နယ် အောက်လွှတ်တော်အမတ် ခရစ်စ် စမစ် (Chris Smith)။ (Photo: RFA)

ဒီရှင်းလင်းပွဲနဲ့အတူ ထုတ်ပြန်ခဲ့တဲ့ Chin Association of Maryland က ပြုစုထားတဲ့ အစီရင်ခံစာ နှစ်စောင်ထဲမှာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးတဲ့အချိန်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ ခရစ်ယာန်ဘုရားကျောင်း နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီအထဲက တစ်ဝက်လောက်က ချင်းပြည်နယ်မှာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ ထောင်ဒဏ်ချမှတ်တာနဲ့ သတ်ဖြတ်တာတွေ တိုးလုပ်နေကြောင်း၊ အခုအချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘာသာ ကျင့်သုံးဖို့ အခက်ခဲဆုံး နိုင်ငံ ၅၀ ထဲမှာ ပါဝင်နေတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကမ္ဘာက ရှုတ်ချနေကြသလိုပဲ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ခရစ်ယာန် ဘာသာဝင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်လည်း အလားတူ ကန့်ကွက်ရှုတ်ချပြီး အရေးယူအပြစ်ပေးဖို့ လိုအပ်ကြောင်း ပါရှိပါတယ်။

ဒီရှင်းလင်းပွဲဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်က မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် အရေးယူ ဆောင်ရွက်ဖို့ နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ Chin Association of Maryland ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇိုသုန်းမှုန် (Zo Tum Hmung)က ပြောပါတယ်။

မနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အမေရိကန် နိုင်ငံအနေနဲ့၊ မြန်မာစစ်တပ်ရဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို စစ်ရာဇဝတ်မှု War Crime နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity တွေအဖြစ် တရားဝင် သတ်မှတ်ပေးဖို့၊ ဖမ်းဆီးထားတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ် ဆမ်ဆွန်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုပေးဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို လုံလောက်တဲ့ အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်သွားဖို့ အချက်တွေကို သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို တောင်းဆိုထားပါတယ်။

RFA Burmese