မန္တလေးမြို့မြောက်ဘက်ကပ်လျက်တွင် ရှိသည့် မတ္တရာမြို့နယ်တွင် ယခုလ အောက်တိုဘာ ၂ နှင့် ၃၊ နှစ်ရက်တာ ကာလအတွင်း နိုင်ငံရေးနှင့် ပတ်သက်ပြီး အနည်းဆုံး ၄ ဦး သတ်ဖြတ်ခံခဲ့ရသည်။

စစ်ကောင်စီက ဒေသခံတချို့ကို တော်လှန်ရေးသမားသံသယနှင့် သတ်ဖြတ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒေသခံတချို့ကို သတင်းပေးဒလန်ဟု ယူဆကာ သတ်ဖြတ်ခဲ့သည်။

အောက်တိုဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက သဖန်းကိုင်းကျေးရွာသို့ စစ်ရှောင်လာသည့် အသက် ၄၆ နှစ်အရွယ် ဦးသန်းထွန်းကို သတ်ဖြတ်ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

“ကိုသန်းထွန်းက လွန်ခဲ့တဲ့ ငါးရက်လောက်က စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံထားရသူပါ။ အခု သူ့အလောင်းကို ပြန်တွေ့ချိန်မှာ ရိုက်နှက်နှိက်စက်ထားပုံရတယ်၊ ပေါင်ကို ဓားနဲ့ ထိုးခံရပြီးတော့ အဲ့ဒီဒဏ်ရာကနေ သွေးထွက်လွန်သေဆုံးတာလို့ ယူဆရပါတယ်။ သူ့အလောင်းကို တွေ့ချိန်မှာ နေရာရွှေ့ဖို့တောင် မဖြစ်နိုင်တော့လို့ အဲ့ဒီနေရာမှာပဲ သင်္ဂြိုဟ်လိုက်ရပါတယ်” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။

ထို့အတူ တော်လှန်ရေးတပ်များဘက်ကလည်း ဗိုလ်မှူးဟောင်း ၁ ဦးနှင့် အခြား ၂ ဦးကို စစ်ကောင်စီ၏ သတင်းပေးဒလန်ဟု ဆိုကာ သတ်ဖြတ်ခဲ့သည်။ ထိုစစ်တပ်အရာရှိဟောင်းသည် ကျောက်တံတားရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် စာပြနေသူဖြစ်သည်ဟု သိရသည်။

နောက်တစ်ရက်အကြာ အောက်တိုဘာ ၃ ရက်နေ့တွင် ပြည်သာယာရွာမှ ၄၅ နှစ်အရွယ် ဦးမြတ်ကို၊ အသက် ၄၀ ခန့်အရွယ် ဦးဝင်းမြင့်ထွန်းတို့လည်း သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ အရပ်သား ၂ ဦးမှာ ထန်းပင်ကုန်းဆိုသည့် ရွာမှ စစ်ကောင်စီခန့်ထားသော၊ ထွက်ပြေးနေသော အုပ်ချုပ်ရေးမှူးဟောင်း၏ အမျိုးအဆွေများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဗိုလ်မှူးဟောင်းနှင့် အရပ်သား ၂ ဦး သတ်ဖြတ်ခံရမှုအတွက် မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခြင်းမရှိသေးပါ။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာတွင် စစ်တပ်က မီးရှို့သွားသည့် နေအိမ်တစ်လုံးကို ဧပြီ ၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

ဖမ်းဆီးသတ်ဖြတ်သူတို့မှာ တော်လှန်ရေးအဖွဲများမှ ဖြစ်သည်ဟု မတ္တရာမြို့နယ်တွင်းမှ အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ခံက ဆိုသည်။

“ဗိုလ်မှူးဟောင်းရယ်၊ ပြည်သာယာရွာက လူနှစ်ဦးရယ်ကို ဘယ်အဖွဲ့လို့ မသိရသေးတဲ့ တော်လှန်ရေးအဖွဲ့တွေက ရှင်းလင်းသွားတာဖြစ်ပါတယ်။ အရင်ဝင်ဖမ်းပြီးတော့ စစ်ဆေးမေးမြန်းပြီးတော့မှ ရှင်းလင်းလိုက်တာပါ” ဟု ထိုသူက ဆိုသည်။

NUG လက်အောက်ခံ မြို့နယ်ပကဖအဖွဲ့ကလည်း ဗိုလ်မှူးဟောင်း သတ်ဖြတ်ခံရသည်မှာ မှန်ကန်ကြောင်း ပြောဆိုပြီး၊ မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရသေးကြောင်း၊ အဆိုပါ ဗိုလ်မှူးမှာ ပကဖ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ စာရင်းပြုစုထားသည့် စစ်ကောင်စီ၏ သတင်းပေးများစာရင်းတွင် ပါဝင်သူတစ်ဦးဖြစ်ကြောင်း ပြောဆိုသည်။

“အဲ့ဒီဗိုလ်မှူးက ထောက်လှမ်းရေးဟောင်းဖြစ်တယ်၊ ထောက်လှမ်းရေး ၁၆ ကလို့ သိရပါတယ်။ အခု အာဏာသိမ်းပြီးနောက်မှာမှ ရွာမှာ အေးဆေးနေနေပြီးတော့ စကစကို သတင်းပေးနေတာ” ဟု ပကဖတာဝန်ခံက ဆိုသည်။

ထိုသူများ စစ်ကောင်စီ အလိုတော်ရိများ ဖြစ်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တော်လှန်ရေးတပ်များ အားကောင်းရာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး၊ ဒေသခံ အရပ်သားများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်နေသည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီအတွက် အလုပ်လုပ်ကိုင်ပေးနေသူ၊ သတင်းပေးနေသူဟု ၎င်းတို့ ယူဆသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းသို့ သတ်ဖြတ်ခြင်းများသည့် အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသည့် သတင်းပေးဒလန်နှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများအပေါ် ပြုကျင့်ရမည့် မူဝါဒများနှင့် မကိုက်ညီကြောင်း မြို့နယ်ပကဖတပ်ဖွဲ့အဖြစ် နှစ်နှစ်နီးပါ လုပ်ကိုင်လာသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့မှာက ဒလန်ပဲဖြစ်ဖြစ်၊ သတင်းပေးပဲဖြစ်ဖြစ်၊ ဖမ်းမိရင် ဥပဒေနဲ့အညီ အရေးယူဖို့ ပြဋ္ဌာန်းထားပြီးသားရှိတယ်၊ ရဲတပ်ဖွဲ့ရှိတယ်၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့တွေရှိပါတယ်၊ သူတို့ကို လွှဲပြောင်းအပ်နှံအရေးယူရမှာဖြစ်ပါတယ်၊ စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည်ပြီး အရေးယူရပါတယ်” ဟု ထိုသူက ဆိုသည်။

Myanmar Now News