၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ ပြည်သူ စုစုပေါင်း (၂၄၀) ကျော်တို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တို့တွင် စစ်အာဏာရှင်တပ် က အရပ်သားပြည်သူများကို လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၃)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများက ဇွန်လ (၁၉) ရက်နေ့တွင် ပြုလုပ်သည့် ပန်းသပိတ် လှုပ်ရှားမှုကို ပိတ်ပင် တားဆီး ခဲ့သည်။ နိုင်ငံအနှံ့ ရှိ ပန်းသပိတ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ပြည်သူများကိုလည်း ဖမ်းဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ယက်တွင် ဆုတောင်းစကား ပြောဆိုသူတချို့ ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများက ပြည်သူ (၇)ဦးကို စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ခဲ့သည်။