၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မအပါအဝင် မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၅၄ ဦးနဲ့ သေဒဏ်ချမှတ်ခံရသူ ၁၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ဇွန်လဒုတိယအပတ်အထိ နိုင်ငံတစ်ဝန်းက စစ်ကောင်စီတရားရုံးတွေကနေ အခုလိုအမိန့်တွေ ချမှတ်ခဲ့တာပါ။

အဲဒီထဲမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ အမျိုးသမီး ခုနစ်ဦး၊ အမျိုးသား ၄၇ ဦး ရှိပြီး သေဒဏ်ချမှတ်ခံရထားတဲ့ အမျိုးသမီး လေးဦး၊ အမျိုးသား ၁၁ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အသက် ၂၀ ကျော်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုကောင်းဆက်ပိုင်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ ထောင်ဒဏ်တစ်သက်အပြင် သေဒဏ် ထပ်တိုးချမှတ်ခံလိုက်ရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရထားလုံခြုံရေးရဲတွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်ငါးဦးကို မေလ ၁၈ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။

ဒီလိုသေဒဏ်တွေအပါအဝင် ပထမခြောက်လတာကာလအတွင်း ထောင်ဒဏ်အမျိုးမျိုး ချမှတ်ခံရသူပေါင်း အယောက် ၇၃၀ ရှိပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၀၈ ဦးနဲ့ အမျိုးသား အယောက် ၆၂၀ ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၃၃၇ ဦး ရှိတယ်လို့ AAPP ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။

RFA News