ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဇွန်လ ၇ ရက်ဒီနေ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်သောင်းကျော် (၁၁၅၂၀ ဦး) ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားဂိတ်မှာရှိတဲ့ စစ်ကောင်စီ တပ်က ပစ်ခတ်ခဲ့တာလို့ ကျောက်ကြီး၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရှောင်နေကြရတာပါ။ ပုဇွန်မြောင်း၊ ညောင်ပင်သာ၊ ထန်းတပင်၊ ရန်မျိုးအောင် ရွာတွေပေါ့။ ရမ်းသမ်းပစ်ခတ်နေတာပါ။ တိုက်ပွဲကမရှိတော့ပါဘူး။ ဒီရွာတွေက KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင်ထဲကပါ “

စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဘာသာရေးအဆောက်အအုံတွေနဲ့ တောတောင်တွေထဲမှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အဝတ်အထည်တွေ လိုအပ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အလှူရှင်တွေကို လမ်းတစ်လျှောက် ပိတ်ဆို့စစ်ဆေးနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဇွန်လ ၆ ရက် မနေ့ကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိရာ နတ်သံကွင်းမြို့ရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်တွေဟာ မေလ ၁ဝ ရက်နေ့ကလည်း ညောင်ပင်သာရွာက ကလေးငယ် ငါးဦးအပါအဝင် အနည်းဆုံးအရပ်သား ၁၈ ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ်အလုံး ၂၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ကိစ္စနောက်ပိုင်းကနေ ဇွန်လ ၇ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ကျောက်ကြီး မြို့နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်ရသူစုစုပေါင်း ၂၉၃၀၀ ဦးရှိနေတယ်လို့ ကျောက်ကြီး၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA News