ဓားဖြင့် ခုခံသည့် PDF ကြောင့် ရဲလေးဦးသေ၊ သေနတ်နှစ်လက် ဆုံးရှုံးသွားသည့် စစ်ကောင်စီက ထိုဒေသတွင် ၁၀ ရက်ကြာတပ်စွဲကာ အိမ်မီးရှို့နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ဆိုသည်။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်း စစ်တပ်က အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်နေသည်မှာ ၁၀ ရက် ကြာပြီဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

နတ်မောက်မြို့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ ဖက်တောရေရွာအနီးတွင် အောက်တိုဘာ ၁၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တိုက်ခိုက်၍ ရဲလေးဦး သေကာ သေနတ် ၂ လက် ဆုံးရှုံးပြီးနောက် ထိုရွာသို့ စစ်ကောင်စီတပ် ချက်ချင်း ရောက်လာခြင်းဖြစ်သည်။

စစ်တပ်ရောက်လျှင်ရောက်ချင်း ရွာအတွင်းရှိသည့် ဆိုင်ကယ်နှင့် ဖုန်းများကို စစ်ကောင်စီက သိမ်းဆည်းကာ လူ ၁၅၀ ဝန်းကျင်ကို ဖမ်းခဲ့ကြောင်း၊ သုံးရက်ဆက်၍ မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားနှစ်ဦးက အတည်ပြုသည်။

စစ်တပ်က ဖမ်းထားသူများကို PDF နှင့် ပတ်သက်၍ မေးမြန်းကာ နှိပ်စက်နေပြီး၊ ဆုံးရှုံးသွားသည့် သေနတ် ၂ လက် ပြန်လည်တောင်းခံနေကြောင်း ၎င်းတို့က ဆိုသည်။ 

“ရွာထဲမှာ ရှိသမျှဆိုင်ကယ်အားလုံးနဲ့ ဖုန်း သိမ်းထားတယ်။ လူဦးရေ ၁၅၀ လောက် ဖမ်းထားတယ်။ ကျန်တဲ့သူတွေ ရွာပြင်မှာ ထွက်နေရတယ်။ နီးစပ်ရာ တောတဲတွေနဲ့ ထန်းရွက်တဲ ထိုးပြီးနေရတယ်။ အိမ်တွေထဲက ပစ္စည်းတွေ ရွှေ့ခိုင်းထားတယ်” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။

အိမ်ခြေ ၃၀၀ နီးပါးရှိ ဖက်တောရေရွာတွင် စစ်တပ်က စခန်းချတပ်စွဲထားသည့်အတွက် ဒေသခံများမှာ ရွာအတွင်း မနေရဲဘဲ အနီးအနားရှိ တောတောင်များနှင့် နီးစပ်ရာနေရာများတွင် ရှောင်တိမ်းနေရချိန်၊ လူအများအပြားဖမ်းခံထားရချိန်တွင်  စစ်တပ်က နေအိမ်များမှ ပစ္စည်းများကို ကားသုံးစီးဖြင့် စိတ်ကြိုက် သယ်ယူနေကြောင်း ဒုတိယသတင်းရင်းမြစ်က ဆိုသည်။

“ရွာထဲကပြည်သူတွေရဲ့ ဆန်၊ ဆီ၊ ဝက်အစာအိတ်တွေ၊ စားသောက်ကုန်တွေ။ ရွာမှာက ဝက်မွေးမြူရေးလုပ်တာ များတယ်။ ဝက်တွေကိုလည်း ကြွေးခွင့်မပေးဘူး။ ဝက်စာတွေလည်း ကားပေါ် တင်သွားကြတယ်” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် အောက်တိုဘာ ၂၂ တွင် ဖက်တောရေရွာအနီးရှိ သပွတ်ပင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး သက်ကြီးရွယ်အိုအပါအဝင် ဒေသခံ ၈၀ နီးပါးကို ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ခေါ်ဆောင်ကာ နှိပ်စက်မေးမြန်းခဲ့သေးသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ဖက်တောရေရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွာမွန်ပင်မစစ်လက်နက်သိုလှောင်ရေးတပ်နှင့် အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်အား ထပ်ဖြည့်ထား၍ ၈၀ ကျော်အထိရှိကြောင်း ၎င်းတို့က ဆိုသည်။

ထို့အတူ ဖက်တောရေရွာအရှေ့ဘက်ရှိ မျောက်မီးကုန်းရွာတွင်လည်း စစ်သား အင်အား ၅၀ နီးပါး တပ်စွဲထားကြောင်း ထိုသူတို့က ဆက်ပြောသည်။

ထိုဖြစ်စဉ်များ၊ အချက်အလက်များ မည်သို့ သိရှိရသည်ကိုမူ လုံခြုံရေးအရ အထက်ပါ သတင်းရင်းမြစ်တို့က ထုတ်မပြောပေ။

လွန်ခဲ့သည့် ၁၀ ရက်က ရဲလေးဦး သေဆုံး၊ သေနတ် ၂ လက် ဆုံးရှုံးသည့် ဖက်တောရေရွာအနီး တိုက်ပွဲတွင် PDF က ဓားကို အဓိက သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်အင်အား မမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဂဠုန်တပ်ဖွဲ့ (နတ်မောက်)နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့မှ သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ တိုင်းရင်းသားဒေသများသာမက ဗမာအများစုနေထိုင်ရာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ တွင်လည်း လက်နက်ကိုင်တော်လှန်မှုများ လွန်စွာ အားကောင်းနေသည်။

စစ်ကောင်စီကလည်း လေကြောင်းပါသုံး၍ အပြင်းအထန်တိုက်ခိုက်နေသည်။

Myanmar Now News