“အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် “

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက် နေ့လည် (၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI 35 ရဟတ်ယာဉ်က ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈က မြေပြင်မှ နေ၍ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဥ်တွင် စုစုပေါင်း ကလေး သူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးများ၏ ရုပ်အလောင်းများကို မိဘများအား မပေးအပ်ဘဲ အကြမ်းဖက်စစ်တပ်က ပီနံအိတ်များအတွင်းထည့်ကာ သယ်ဆောင်သွားခဲ့သည်။ နောက်ထပ် ကလေး(၁) ဦးမှာ ရေဦးဆေးရုံတွင် ထပ်မံသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ပါသည်။

လက်ယက်ကုန်းကျေးရွာဖြစ်စဉ်တွင် အပြစ်မဲ့ ပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး ပြည်သူများ၏ ရုပ်အလောင်းများအား မိသားစုသို့ပေးခဲ့သည်။ ကလေး (၇) ဦး၊ လူကြီး (၆) ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့သည်။ ကျောင်းအတွင်းရှိ ကျောင်းသား/ သူ ကလေးငယ် နှင့် ဆရာ၊ဆရာမ ကျေးရွာရပ်မိ ရပ်ဖ (၂၁) ဦးအား ဓါးစာခံ အဖြစ် ဖမ်းဆီးပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ လက်ယက်ကုန်း ကျေးရွာအတွင်းနေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘေးအနီးဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်ခဲ့သည်။ ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီးကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူ(၁၈) ဦး ဒဏ်ရာရခဲ့သည်။ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာအများအပြား အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီး သောင်းချီသော ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် အကြမ်းဖက် အာဏာလုယူ ခဲ့သည့်နေ့ရက်မှစပြီး ယနေ့အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာလဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မတရားအာဏာလုယူအပြီး တစ်နှစ်ကျော်ကာလအတွင်း ယခုဖြစ်ပျက် ခဲ့သည့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ၂၀၂၁ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် လူ (၄၀) ကျော် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာ၌ ၁၄ နှစ်မှ ၁၇ နှစ် အကြား ကလေးသူငယ်လေးဦး အပါအဝင် ဒေသခံ (၁၀) ဦးကို သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုးသမီး၊ ကလေးငယ်နှင့် Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် (၄၉) ဦးအား မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ဇန်နဝါရီလ (၆) ရက်နေ့တွင် ချင်းပြည်နယ် မတူပီမြို့နယ်၌ သတင်းထောက်တစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် (၁၁) ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၂ ဧပြီလ (၁၉) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာ၌ အမျိုးသား (၉) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ ၂၀၂၂ ခုနှစ် မေ ၁၂ ရက်နေ့တွင် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ (၂၈) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း စသည့် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ကို အချက်အလက်များအရ တွေ့ရှိရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများတွင် အသက်ခန္ဓာ ရင်းနှီးပေးဆပ်ခဲ့ကြ ရသူများအားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ဖြစ်စဉ်တစ်ခုဆီတိုင်း၏ သက်သေ အထောက်အထားများကို စနစ်တကျ စုဆောင်း၍ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများသို့ ပို့ဆောင် လျက်ရှိပါသည်။ မျက်မြင်သက်သေများ၏ လုံခြုံရေးနှင့် ကျန်ရစ်သူ မိသားစု များ၏ ဘဝရပ်တည်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက တာဝန်ယူထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ပြုလုပ် ပေးလျက်ရှိပါသည်။ ထို့အပြင် လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုဖြစ်စဉ်များကို ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ တာဝန်ရှိသူများအားလုံး ထိုက်တန်သည့် ပြစ်ဒဏ်များကို တရားဥပဒေရှေ့မှောက်တွင် ပြန်လည် ခံစားရရှိနိုင်စေရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက် နေပြီဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားမဟာမိတ် တို့၏ စိုးမိုးထိမ်းချုပ်နယ်မြေများကို အခြေပြု၍ စစ်ရာဇဝတ်မှုကျူးလွန်သူများအား အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထိရောက်ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်မှသာလျှင် ကမ္ဘာ့တစ်ဝှမ်းရှိလူသားမျိုးနွယ်စုတစ်ခုလုံး၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့ကို ခြိမ်းခြောက်လာနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်၏ ရက်စက်ရမ်းကားမှုများကို ရပ်တန့်နိုင်မည်ဖြစ်ပါကြောင်း အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ