(RFA) မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ တုန်လှုပ်စရာကောင်းအောင် ဆိုးဝါးနေပြီး အာဆီယံ ပဋိဉာဉ်စာချုပ်ပါ အချက်တွေကိုပါ ချိုးဖောက်နေတဲ့ အတွက် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ အာဆီယံအနေနဲ့ ဒီကိစ္စကို အခု အာဆီယံ ထိပ်သီးညီလာခံမှာ အဓိကထား ဆွေးနွေးသင့်တယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (အေအိုင်) က ဧပြီ ၈ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အေအိုင်အဖွဲ့ကြီးက မြန်မာ့ရေးရာ ပြောခွင့်ရသူ Mr. Ben Zawacki က မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်နေတဲ့ နိုင်ငံဖြစ်ပြီး ဒီကိစ္စတွေဟာ အာဆီယံ ပဋိဉာဉ်ကို ချိုးဖောက်နေတာပဲ ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မြန်မာနဲ့ ပတ်သက်လို့ ဒုတိယအရေးကြီးတဲ့ ကိစ္စရပ်အဖြစ် ဆွေးနွေးသင့်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲ ဥပဒေ ပြဿနာဟာ အာဆီယံအဖွဲ့ကြီးအနေနဲ့ ပထမ ဦးစားပေး ကြေညာချက်ထုတ် တောင်းဆိုဖို့ ကိစ္စဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ဒုတိယ အခွင့်အရေးအဖြစ် ဆွေးနွေးသင့်ပါတယ်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး လေးစားလိုက်နာမှု လုံးဝမရှိပါဘူးလို့ မစ္စတာဇာဝါ့ကီးက ပြောသွားပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေကို မထောက်ပြဘူးဆိုရင် အများသူငါ လေးစားတဲ့ ဒေသဆိုင်ရာ အဖွဲ့ကြီးတရပ်ဆိုတဲ့ သိက္ခါ ထိခိုက်မှာ ဖြစ်ကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ နှစ်မှာ ရွေးကောက်ပွဲ မတိုင်ခင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့ဟာ အရေးကြီးတယ်ဆိုတာ ဝေဖန် ထောက်ပြသင့်တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝေဖန်ထောက်ပြတဲ့အတိုင်း ဒုတိယကိစ္စအဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်သင့်ပါတယ်လို့လည်း အေအိုင်အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။