(ခေတ်ပြိုင်) မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပေါ်ထွန်းနိုင်စေမည် မဟုတ်သည့်အတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားလိုက်ကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု သက်တမ်း နောက်ထပ် တနှစ် ထပ်တိုးလိုက်သည်။

လူဇန်ဘတ်ဂ်မြို့တွင် ယမန်နေ့က ကျင်းပသည့် ဥရောပကောင်စီအစည်းအေဝးတွင် အီးယူနိုင်ငံခြားရေးဝန်ကြီးများက ယင်းသို့ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အရေးယူပိတ်ဆို့မှုများမှာ စစ်အစိုးရထိပ်ပိုင်းအရာရှိများနှင့်၎င်းတို့နှင့် ဆက်နွှယ်ပတ်သက်သူများအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့တားမြစ်မှု အပါအဝင်၎င်းတို့၏စီးပွားရေးအရ ပိုင်ဆိုင်မှုများကို ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

အီးယူနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဒီမိုကရေစီအုပ်ချုပ်မှုတရပ် ပေါ်ပေါက်ရေး ဦးတည်လုပ်ဆောင်သည်ကို မမြင်ရကြောင်း ပြောဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်အတွက်လည်း ထပ်မံတောင်းဆိုခဲ့ကြသည်။

သို့သော် အီးယူနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံမှ စစ်မှန်သည့် တိုးတက်မှုများအပေါ် တုံ့ပြန်သွားရန် အသင့်ရှိကြောင်းလည်း ပြောကြားလိုက်သည်။

ထို့အပြင် အီးယူအနဖြေင့် မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားရန် အဆင်သင့်ရှိနပြေီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံရေးအရ တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် စစ်အစိုးရထိပ်ပိုင်း အာဏာပိုင်များဖြင့် ဆက်သွယ် စကားပြောဆိုမှုများ ပြုလုပ်နိုင်ရေးအတွက် အီးယူအထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) ကို မြန်မာနိုင်ငံသို့စေလွှတ်ရန် အစီအစဉ်ရှိကြောင်းလည်း ပြောဆိုကြောင်း လူဇန်ဘတ်ဂ်မှ လာသောသတင်းများတွင် ဖော်ပြပါရှိသည်။

မြန်မာစစ်အစိုးရဘက်မှမူ အီးယူအထူးကိုယ်စားလှယ်ကို လက်ခံ၊ မခံ မသိရှိရသေးပေ။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ တိုးတက်မှုများ ရှိလာနိုင်ရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာစေရန်၊ စစ်အစိုးရအား ဆွေးနွေးတိုက်တွန်းမှုများ ပြုလုပ်နိုင်ရန် အီးယူက မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) ကို ၂၀၀၇ ခုနှစ်ကတည်းက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။