ကချင်ပြည်နယ် ရွှေကူမြို့ ဟင့်အွန်ရွာမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာ ဦးဇော်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာ ဦးဇော်ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာက ရွာမှာ သူ့ညီမ မင်္ဂလာဆောင်အတွက် ဝါးသွားခုတ်ပြီးအပြန် စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်နေလို့ ထွက်ပြေးတဲ့အချိန်မှာ ခြေထောက်ကို အရင်အပစ်ခံရတာ ပြီးတော့ အဖမ်းခံရတယ်၊ ပြီးတော့ စစ်ကောင်စီက သတ်လိုက်ပြီး မြေမြှုပ်လိုက်တယ်”

ဆရာရဲ့အလောင်းကို ဒေသခံတွေက ပြန်လည်တူးဖော်တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျောင်းဆရာ ဦးဇော်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။

ဦးဇော်ဦးဟာ ရွှေကူမြို့ဇာတိဖြစ်ပြီး ကချင်ပြည်နယ် မြောက်ပိုင်းစွန်း နောင်မွန်မြို့မှာ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လုပ်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA News