စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ခင်ပင်ရွာနဲ့ ရွာငယ်ရွာတို့ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းထား ပြီး ခင်ပင်ရွာထဲက နေအိမ်တချို့ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ကတည်းက စစ်တပ်က ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေ ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုထိ သူတို့ဝင်နေတယ်။ ဖျက်ဆီးတာလည်း ဟုတ်တယ်။ လူငယ်တချို့ သူတို့စာရင်းပါတဲ့သဘော ရှိတယ်။ ရွေးပြီးတော့ ဖျက်ဆီးသွားတာ။ သူတို့က ခင်ပင်နဲ့ ရွာငယ်ကို ဟိုဘက်ရွာသွားလိုက် ဒီဘက်ရွာ သွားလိုက်လုပ်နေတာ”

ရွာနှစ်ရွာလုံးက လူဦးရေ နှစ်ရာနီးပါးလောက်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန် ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဒီဇင်ဘာ ၂၀ နဲ့ ၂၂ ရက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အပြင် နှစ်ကြိမ်တိုင် မီးရှို့ခံရတဲ့ ရေဦးမြို့နယ်ထဲက ရေမြက်ရွာမှာလည်း နေအိမ် ၆၂ လုံး အပါအဝင် ကားနှစ်စီးနဲ့ မော်တော်ဆိုင်ကယ် အစီး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

RFA News