ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် သေဆုံးသူ ၂၀ ခန့်ရှိနိုင်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ခန့်မှန်းထားရာ ဒီဇင်ဘာ ၁၉ ရက်တွင် ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ ဆုံရာ ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ယူဆရသော ရုပ်အလောင်း ၉ လောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၉) တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီက စက်သေနတ်တပ်ဆင်ထားသည့် ရဟတ်ယာဉ်သုံးစီးဖြင့် နှမ်းခါးရွာကို တရပ်စပ်ပစ်ခတ်ခဲ့ရာ သေဆုံးသူ ၂၀ ခန့်ရှိနိုင်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ခန့်မှန်းထားရာ ယမန်နေ့တွင် ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်း ၉ လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။

နှမ်းခါးရွာတွင် တပ်စွဲထားသည့် အင်အား ၁၅၀ ခန့်ရှိ  စစ်ကောင်စီတပ် ယမန်နေ့တွင် ပြန်လည်ဆုတ်ခွာသွားချိန်မှသာ သေဆုံးနှင့် ဒဏ်ရာရရှိသူများကို ရှာဖွေနိုင်ခြင်းဖြစ်သည်ဟု ရှာဖွေရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၀) တွင် Myanmar Now ကို ပြောသည်။

“သူတို့ကို (အလောင်းများ) ရွာအစပ်မှာ တွေ့ရတာ။ ပြည်သူတွေက လေယာဉ်လာတဲ့အချိန် ပုန်းနေတာ။ ဟက်စကီးပေါ်ကနေ စစ်သားတွေ ဆင်းလာပြီး လိုက်ပစ်တာတွေဗျ။ နှစ်ယောက်ဆိုရင် လက်ပြန်ကြိုးတုပ်ထားပြီး နောက်စေ့ကို ပစ်သတ်သွားတာ” ဟု အထက်ပါခေါင်းဆောင်က ပြောသည်။

ရှာဖွေတွေ့ရှိသည့် အလောင်းများအရ သေဆုံးသူများမှာ နှမ်းခါးရွာသားနှစ်ဦး၊ နှမ်းခါးတောင်ဘက်ရှိ မွှေ့လယ်ရွာမှ ၆ ဦးနှင့် ဇဟောရွာမှ တစ်ဦးဖြစ်ပြီး နှစ်ဦးသာ PDF တပ်ဖွဲ့ဝင်ဖြစ်ကာ ကျန်သူများမှာ ဒေသခံအရပ်သားများဖြစ်ကြသည်ဟု သိရသည်။

နှမ်းခါးရွာသားနှစ်ဦးဖြစ်သည့် အသက် ၄၀ အရွယ် ကိုတင်ဌေးနှင့် အသက် ၄၅ အရွယ် ကိုကျော်ဌေးဆိုသူမှာ လက်ပြန်ကြိုးတုပ်၍ နောက်စေ့မှ ပစ်သတ်သွားသည့်ဒဏ်ရာ တွေ့ရှိရသည်ဟု ရှာဖွေရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။​

“နောက်စေ့ကို တေ့ပစ်သွားတာ။ သူတို့က နွားကျောင်းသားတွေ။ ကောက်လှိုင်းတွေ သယ်နေကြတဲ့အချိန် အဖမ်းခံလိုက်ရတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

သတ်ဖြတ်ခံရသူများစာရင်း သတ်ဖြတ်ခံရသူများစာရင်း 

 

ကျန်ရုပ်အလောင်းများတွင် လက်မောင်းနှင့် လည်ပင်းနေရာများအပြင် ဦးခေါင်းတွင် အနီးကပ်ကျည်ဆန်ထိမှန်ထားသည့် ရုပ်အလောင်း ၇ လောင်းတွေ့ရှိရပြီး ကနဦးထိမှန်ဒဏ်ရာကြောင့် မပြေးနိုင်တော့သည့်အချိန်တွင် ထပ်မံ၍ အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်နိုင်သည်ဟု အထက်ပါရှာဖွေရေးအဖွဲ့ခေါင်းဆောင် ယူဆသည်။

“စစ်သားတွေက လေယာဉ်ပေါ်က ဆင်းပြီး လိုက်ပစ်တာတွေလည်းရှိတယ်။ ဒဏ်ရာအနာတရ ရနေတဲ့အချိန်မှာ ထပ်ပစ်သတ်တဲ့ပုံစံမျိုး။ ခေါင်းတွေထိထားကြတယ်။ လက်မောင်းတို့ ဘာတို့မှာ ထိတဲ့အချိန် မပြေးနိုင်တော့တဲ့သူတွေလည်း ဖြစ်နိုင်တယ်။ ၉ လောင်းမှာ ၇ လောင်းက ခေါင်းကျည်မှန် ဒဏ်ရာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက နှမ်းခါးရွာကို အကြမ်းပတမ်းတိုက်ခိုက်စီးနင်းစဉ် သေဆုံးခဲ့သူများအနက် အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး၊ ၁၈ နှစ်အရွယ်တစ်ဦး၊ အသက် ၂၀ အရွယ်နှစ်ဦး၊ အသက် ၃၀ အရွယ်တစ်ဦးနှင့် အသက် ၄၀ ကျော် အရွယ်သုံးဦးတို့၏ ရုပ်အလောင်းများကိုသာ ရှာဖွေနိုင်သေးသည်ဟု ဂန့်ဂေါ PDF က ယနေ့ ထုတ်ပြန်ထားသည်။

ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင် နှမ်းခါးရွာနှင့် မွှေ့လယ်ရွာရှိ သုသာန်များတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ရွာမှ မထွက်ခွာခင် နေအိမ်သုံးလုံးကို မီးရှို့ခဲ့ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်နေ့က ဖမ်းဆီးထားသည့် အသက် ၂၀ အရွယ် လူငယ်သုံးဦးကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နှမ်းခါးရွာခံနှစ်ဦးထံမှ သိရသည်။

ယမန်နေ့တွင် စစ်တပ်က နှမ်းခါးရွာမြောက်ပိုင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာသိုလှောင်ထားရာ အိမ်တစ်လုံးနှင့် အခြားအိမ်နှစ်လုံးကို မီးရှို့ပြီးနောက် နှမ်းခါးရွာအရှေ့မြောက်ဘက်ရှိ မြင်သားရွာဘက်သို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

စစ်တပ်က မီးရှို့ခဲ့သဖြင့် ဆန်အိတ်အလုံး ၁၀၀ နှင့် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိ ဆီနှင့် ငါးခြောက်အပါအဝင် ရိက္ခာများ မီးလောင်ပျက်စီးခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများပေးပို့လှူဒါန်းသော ပစ္စည်းများဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၁၇ ရက်က ယောဒေသမြောက်ပိုင်းရှိ နှမ်းခါးရွာကို လာရောက်တိုက်ခိုက်စဉ် ပါဝင်ခဲ့သည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး။ (ဓာတ်ပုံ - ပေးပို့) ဒီဇင်ဘာ ၁၇ ရက်က ယောဒေသမြောက်ပိုင်းရှိ နှမ်းခါးရွာကို လာရောက်တိုက်ခိုက်စဉ် ပါဝင်ခဲ့သည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး။ (ဓာတ်ပုံ – ပေးပို့) 

ယမန်နေ့တွင် မြစ်သားရွာဘက်သို့ ဦးတည်ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မြစ်သာမြစ်ကူးတံတားထိပ်အနီးတွင် မိုင်းဆွဲ၍ ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၇ ဦးခန့် သေဆုံးနိုင်သည်ဟု မြေပြင်သတင်းများကို ကိုးကား၍ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ကိုနွေဦးဆိုသူက Myanmar Now ကို ပြောသည်။

“မနေ့က ၂ နာရီဝန်းကျင်မှာ သူတို့ (စစ်ကောင်စီတပ်) လာတဲ့အချိန်မှာ ချုံခိုတိုက်ခိုက်တာ။ အတည်ပြုချက်တော့ မရေသေးဘူး။ အလောင်းတွေ သယ်သွားတာပဲ မြင်ရတာပေါ့။ အဲဒီနားက  အိမ်တစ်လုံးကို မီးရှို့သွားခဲ့တယ်ဗျ။ လက်နက်က မရှိဘူးဗျ။ မိုင်းနဲ့ပဲ ချုံခိုတိုက်ခိုက်ရတာ”ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အိမ်ခြေ ၂၀၀ ခန့်ရှိ စန်းမြို့ရွာဘက်သို့ ချီတက်သွားကာ လက်ရှိထိုရွာတွင် တပ်စွဲလျက်ရှိကြောင်း၊ ပုလဲမြို့ဘက်မှ စစ်ကားအစီး ၅၀ တက်လာသည်ဟု သတင်းရသဖြင့် စစ်ရေးအရှိန်မြင့်လာနိုင်ကြောင်း ကိုနွေဦးဆိုသူက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုအားကောင်းသည့် ယောဒေသမြောက်ပိုင်းရှိ နှမ်းခါးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

နှမ်းခါးရွာအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

နှမ်းခါးရွာဖြစ်စဉ်နှင့် ပတ်သက်​၍ စစ်ကောင်စီ၏ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်တွင် CNF ၊ PDF နှင့် YDF အမည်ခံခေါင်းဆောင်များ ရောက်ရှိနေကြောင်း သတင်းရသဖြင့် ဝင်ရောက်ဖမ်းဆီးရာတွင် အကြမ်းဖက်သမား အလောင်းခြောက်လောင်း၊ ပစ္စတိုနှစ်လက်၊ တစ်လုံးထိုးသေနတ်ငါးလက်နှင့် တူမီးသုံးလက် သိမ်းဆည်းရမိကြောင်း ဖော်ပြထားသော်လည်း ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်ခြင်းကို ထည့်သွင်းထားခြင်း မရှိပေ။

အလားတူ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စစ်ကောင်စီက စစ်ကားဖြင့်တိုက်ကာ ဖြိုခွင်းခဲ့သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ရုပ်သံမှတ်တမ်းများ ထင်ထင်ရှားရှားရှိနေသော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ကားဖြင့်တိုက်သည်ကို ထည့်သွင်းပြောဆိုခြင်း မရှိဘဲ ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လူစုခွဲထိန်းသိမ်းသည်ဟုသာ ဖော်ပြခဲ့သည်။

သို့သော် စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဇူလိုင်လအတွင်းက ဖြစ်ခဲ့သော လူပေါင်း ၄၀ ခန့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာတွင် ငြင်းဆိုခြင်းမရှိကြောင်း BBC World Service ၏ ယနေ့ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။​

အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

Myanmar Now News