အရာတော်မြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ ကဲဘာရွာကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီးနောက် အိမ်ပေါက်စေ့ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့ဝင်များနှင့် ရွာသားတစ်ဦးက ဆိုသည်။ 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကဲဘာရွာကို ယနေ့ (ဒီဇင်ဘာ ၁၃) မွန်းလွဲပိုင်းတွင် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး နေအိမ်အလုံး ၁၀၀ ကျော်ကို မီးရှို့သွားသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ငါးဦးနှင့် ရွာသားတစ်ဦးထံမှ သိရသည်။

အရာတော်မြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ ကဲဘာရွာကို စစ်တပ်က ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် စတင်ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အခုက အိမ်ခြေ ၁၀၀ နီးပါးလောက် လောင်သွားတာ။ လက်နက်ကြီးတွေနဲ့ ထုပြီး ဝင်လာပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ (မီး) ရှို့သွားတယ်။ အိမ်ပေါက်စေ့ လိုက်ရှို့သွားတဲ့ပုံမျိုး။ တစ်အိမ်ထဲကနေ ကူးသွားတဲ့ ပုံစံမျိုးမဟုတ်ဘူး။ အိမ်တွေကို လိုက်ရှို့သွားတဲ့ ပုံစံမျိုး။ သူတို့က ပြန်ဆုတ်သွားပြီဆိုတော့ မီးကတော့ စငြှိမ်းနေကြပြီ။ လောင်တော့လောင်နေတုန်းပဲ ရှိသေးတယ်”ဟု အထက်ပါ ရွာသားက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ရွာတောင်ပိုင်းရှိ စာသင်ကျောင်းကို ဖျက်ဆီးကာ အသက် ၄၀ အရွယ် ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။​

ထို့အပြင် စာသင်ကျောင်းထဲရှိ ဆိုင်ကယ် ၁၀ စီးထက်မနည်းကိုလည်း မီးရှို့သွားကြောင်း၊ PDF များရှိနေသည်ဟူသော သံသယဖြင့် မီးရှို့သွားခြင်းဖြစ်သည်ဟု ကဲဘာရွာခံတစ်ဦးလည်းဖြစ်သူ ဒေသခံ PDF အဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးဆိုသူက ပြောသည်။​

“ကျွန်တော်တို့ရွာမှာ PDF တွေရှိတယ်ဆိုတဲ့ သဘောမျိုးနဲ့ပေါ့ဗျာ။ သူတို့ အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးကြတယ်။ ရွာကိုမဝင်ခင် ပေတစ်ထောင်အကွာလောက်ကနေ လက်နက်ကြီးတွေ၊ အာပီဂျီတွေနဲ့ ပစ်ပြီးဝင်လာတာ။ ပစ်ပြီးမှ ကျွန်တော်တို့ ခေါင်းဆောင်အိမ်တွေကို ဓားစာခံနှစ်ယောက်ကို ပြခိုင်းပြီးတော့ အကုန်ဝင်ရှို့တယ်” ဟု ၎င်းက ပြောသည်။​

ကဲဘာရွာမြောက်ဘက် နှစ်မိုင်အကွာရှိ ကလဲပါရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၅၀ ခန့်သည် ကဲဘာရွာမြောက်ဘက်ထိပ်တွင် အထိုင်ချကာ နံနက် ၉ နာရီမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မွန်းလွဲပိုင်းတွင် ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်းဖြစ်သည်ဟု Zayar 7 အမည်ရှိ ဒေသခံ PDF အဖွဲ့ခေါင်းဆောင် ကိုမိုးအောင်ဆိုသူကလည်း ပြောသည်။

“သူတို့က ရွာထဲ မရောက်ခင်မှာ ၆၀ မမတွေ၊ RPG တွေနဲ့ ပစ်ခတ်တယ်။ ဒေသခံတွေက ဒီလိုလက်နက်ကြီး အသံတွေကို မကြားဖူးကြတော့ ထွက်ပြေးကြတယ်။ ကျွန်တော်တို့အဖွဲ့တွေက လက်နက်အင်အား မမျှတာနဲ့ ဆုတ်ပေးလိုက်ရတယ်။ ရွာထဲရောက်တာနဲ့ ၁၂ (နာရီ) လောက်မှာ ရွာကို မီးစရှို့တော့တာပဲ” ဟု ၎င်းက ပြောသည်။​

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ရွာကို စီးနင်းရန် လာစဉ် ဒေသခံ PDF အဖွဲ့ဝင်များက ပြန်လည်ခုခံသဖြင့် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးကြောင်း၊ ယင်းကို မကျေနပ်၍ ယခုကဲ့သို့ လက်နက်ကြီးများပစ်ခတ် စီးနင်းပြီး မီးရှို့သွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ၆ ရက်က ကလဲပါရွာမှ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးကို PDF က သတ်ဖြတ်လိုက်သောကြောင့် စစ်ကောင်စီတပ်က ကဲဘာရွာကို အငြိုးထားနေခြင်းဖြစ်သည်ဟု ၎င်းက ယူဆသည်။

အရာတော်မြို့နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသည့် Local Ranger ဆိုသည့် အဖွဲ့မှ အဖွဲ့ဝင်တပ်သားတစ်ဦးကလည်း စစ်ကောင်စီတပ်က ဆိုင်ကယ်ဖြင့်ပတ်၍ ကဲဘာရွာကို မီးရှို့သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် တစ်အိမ်ချင်းမီးရှို့ပြီးနောက် မွန်းလွဲ ၂ နာရီကျော်တွင် ကလဲပါရွာသို့ ပြန်ထွက်သွားကြောင်း၊ စစ်ကောင်စီတပ်က လူသားတံတိုင်းဖြင့် စစ်ကြောင်းများတက်လာသည်ဟု သတင်းရသဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း အခြားဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။​

“လက်နက်ကြီးတွေပါလို့ ရွာထဲကနေ ထွက်သွားတာ။ ကျွန်တော်တို့ဘက်ကနေ မိုင်းဆွဲတာတာ၊ တူမီးနဲ့ ပစ်တာလောက်ပဲ ရှိတယ်။ ကျွန်တော်တို့ ထောင်လိုက်တဲ့မိုင်းတွေ အကုန်ကွဲတယ်။ တောင်ပိုင်းက အိမ်တွေ ဖျက်ဆီးသွားတာတွေတော့ ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

အပြင်းအထန် ခုခံတော်လှန်နေသည် ဒေသခံ PDF များ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများကို စစ်ကောင်စီတပ်က အင်အားသုံးကာ လိုက်လံဖိနှိပ်ဖြိုခွင်းလျက်ရှိပြီး ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့သည့်ဖြစ်စဉ်များလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။​

Myanmar Now News