စစ်အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်မှာ ၁၀ လတာကြာခဲ့ပြီဖြစ်သည်။  အာဏာသိမ်းခဲ့သော အချိန်ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခုခံခဲ့သော ပြည်သူများအပေါ် ထိတ်လန့်ဖွယ်ကောင်းသော ချိုးဖောက်မှုများကျူးလွန်ကာ ဖိနှိပ်ခဲ့သည်။​ အာဏာသိမ်းစစ်တပ်သည် လက်နက်များကို ကိုင်ဆောင်၍  အကြောက်တရားကို နှိမ်နှင်းသည့် နည်းဗျူဟာအဖြစ် အကြမ်းဖက်နေသည်။ ပြည်သူများတွင် စစ်တပ်အားနည်းသောအရာကို ပိုင်ဆိုင်ထားသည်။​၎င်းမှာ လက်တွေ့တွင်အခက်အခဲများရှိနေသော်လည်း အရပ်သားပြည်သူများကို ရှေ့ဆက်ရန် တွန်းပို့နေသည့် စိတ်ဓါတ်တို့ရှိနေသည်။

ပြည်သူ့အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာသိမ်းစစ်တပ်အား တရား၀င်မှု သို့မဟုတ် အသိအမှတ်မပြုရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား နည်းလမ်းမျိုးစုံဖြင့် တွေ့ဆုံဆွေးနွေးရန် နှင့် အပြန်အလှန်ဖလှယ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ ကုလသမဂ္ဂတွင် အာဏာသိမ်းစစ်တပ်၏ ကိုယ်စားလှယ်အား အသိအမှတ်ပြု နေရာမပေးရန် NUG နှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများသည် တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ်များအား အတည်ပြုရန် တာ၀န်ယူထားသည့် အထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မီတီ အဖွဲ့ဝင် ၉ ဦးသည် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်တို့အတွက် ကိုယ်စားလှယ်များကို ရွေးချယ်အတည်ပြုရန် ရွှေ့ဆိုင်းလိုက်သည်။​ ယင်းသို့ သံတမန်ခန့်အပ်ရေးကို ရွှေ့ဆိုင်းခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခန့်အပ်ထားသည့် ဦးကျော်မိုးထွန်းသည် လက်ရှိအချိန်အထိ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို NUG မှ လက်ခံကြိုဆိုခဲ့သော်လည်း အာဏာသိမ်းစစ်တပ်မှ ခါတိုင်းကဲ့သို့ပင် ကုလသမဂ္ဂကို ၀ေဖန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အား အသိအမှတ်မပြုရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)အား ဆက်လက်ဖိအားပေးမှုများရှိနေသည်။ ကမ္ဘောဒီးယားမှ လာမည့် ၂၀၂၂ ခုနှစ်တွင် ဥက္ကဌအဖြစ် တာ၀န်ယူမည်ဖြစ်သည်။​ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟူဆန်သည် အာဏာသိမ်းကောင်စီ ခန့်အပ်ထားသော နိုင်ငံခြားရေးရာ၀န်ကြီး ဦးဝဏ္ဏမောင်လွင်အား လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အစည်းအ၀ေးအား ဖိတ်ကြားခဲ့သည်။ ထိုသို့ ဖိတ်ကြားရန် ဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက် ဖိနှိပ်မှုများကို တင်းမာသော သဘောထားမျိုး မရှိကြောင်း သံသယ ဖြစ်စေခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှ ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် အတိုက်အခံပါလီမန်အမတ်များအပေါ် တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသည် အာယီယံဒေသတွင်း ဒီမိုကရေစီလမ်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ခံရသော အဆိုး၀ါးဆုံးနိုင်ငံ ဖြစ်နေသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အဖွဲ့ကော်မတီ (CWC) ၏ ကောက်ယူရရှိသော စာရင်းများအရ အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ အပါအဝင် ပါတီဝင် စုစုပေါင်း (၅၇၃) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ပြန်လည်လွတ်မြောက်လာသူ (၁၂၈) ဦးသာရှိပြီး ၄၃၂ ဦးမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်သည်။

ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရေး စသည့် အရေးယူဆောင်ရွက်မှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အရေးပေါ်ကြား၀င်ဆောင်ရွက်ရန် လိုအပ်သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ ထုတ်ပြန်ချက်အရ နို၀င်ဘာလ ၂၅ ရက်မှ ၂၉ ရက် ငါးရက်တာကာလအတွင်း အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းပျက်ဆီးခဲ့သည်။ ထန်တလန်မြို့နယ်ရှိ အဆောက်အဦးပေါင်း ၄၇၃ ခုကို စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဂြိုလ်တုရုပ်ပုံနှင့် မှတ်တမ်းများအရ ပြီးခဲ့သည့်လအတွင်း ထန်တလန်တွင် နေ့ရောညပါ ၁၀ ရက်ထက်မနည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။​ သက်သေအထောက်အထားအရ မီးလောင်ကျွမ်းမှုသည် အာဏာသိမ်းစစ်တပ်၏ မီးရှို့မှုကြောင့်ဖြစ်သည်ကိုတွေ့ရှိရသည်။ အွန်လိုင်းတွင်ပျံနှံ့နေသောပုံများအရ​ နေအိမ်များ၊ ကျေးရွာများနှင့် မြေယာများကို ရည်ရွယ်ချက်ရှိရှိမီးတင်ရှို့မှုကြောင့် တောင်တန်းမြို့လေး ပျောက်ကွယ်လုနီးပါး ဖြစ်သည်ကိုတွေ့ရှိရသည်။

အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ စစ်ရာဇ၀တ်မှုကို ချိုးဖောက်နေသော အကြမ်းဖက် စစ်တပ်ကြောင့် ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွားလှုပ်ရှားသွားလာခွင့်နှင့် ဘေးကင်းလုံခြုံခွင့်၊ ခိုလှုံခွင့်နှင့် အကာအကွယ်ရပိုင်ခွင့် အားလုံး ချိုးဖောက်ခံနေရသည်။

 

ကချင်ပြည်နယ်

ကချင်ပြည်နယ်တွင်း စစ်အာဏာရှင်တပ်များတည်ရှိနေမှုသည် အရပ်သားတို့၏ လုံခြုံရေးကို ထိပါးစေသည်။ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ပြေးဒုက္ခသည်စခန်းနှင့် ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် မြို့တွင်းကင်းလှည့်စဥ် အရပ်သားပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ လူ့အခွင့်အရေး ထပ်မံချိုးဖောက်ခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့အားလမ်းပြရန် ဒေသခံများကို စျေး၊​ကျောင်း နှင့်ဆေးရုံများမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။​ ဖမ်းဆီးမှုတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များလည်း ပါ၀င်ခဲ့သည်။​ဖမ်းဆီးသူများအားလုံးကို ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့သည်။​

ကချင်ပြည်နယ်တွင် မကြာသေးမီရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ဖားကန့်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၀င်းတွင် ကျောင်းကားတစ်စီး မိုင်းထိမှန်ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဒေသတွင်း မတည်ငြိမ်မှုများနှင့်  စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောင်းသားအနည်းငယ်သာ ကျောင်းပြန်တက်ဝံ့ကြသည်။   စာသင်ခန်းများအတွင်းသို့လည်း အကြမ်းဖက်စစ်သားများ  လှည့်လည်ကာ ကင်းစောင့်လျက်ရှိသည်။

နို၀င်ဘာလ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။  အကြမ်းဖက်စစ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့သောကြောင့် အကြမ်းဖက်စစ်တပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးပျက်ဆီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ၃ သောင်းကျော်သည် အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို တိုက်ခိုက်ရန် အကြမ်းဖက်စစ်တပ်မှ  ရဟတ်ယာဉ်ငါးစင်းကို အသုံးပြုပြီး စစ်အင်အား ထပ်မံဖြည့်တင်းခဲ့သည်။ အကြမ်းဖက်စစ်တပ်မှ  အသေအပျောက် ပြင်းထန်မှုအတွက် ထိုသို့လက်တုံ့ပြန် တိုက်ခိုက်ခြင်း ဖြစ်သည်။ ရဟတ်ယာဉ်များမှ မြင်သူတိုင်းကို ပစ်ခတ်ခဲ့သည်ဟု  သက်သေများ၏ ပြန်လည်ပြောကြားချက်အရ သိရှိရသည်။

ကလေးမြို့နယ်အတွင်းရှိ အိမ်ခြေ ၂၀ နှင့် နွားစာတိုက် ၂ လုံးကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။ PDF နှင့်ဆက်စပ်သည် ဟုထင်သည့်အိမ်များကို ပစ်မှတ်ထားကာ မီးရှို့ခဲ့သည်။

ထို့အပြင် ရာနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသော ဂန့်ဂေါမြို့နယ်မှ ကျေးရွာများနှင့် စစ်ဘေးရှောင်များခိုလှုံသည့်နေရာများကို အကြမ်းဖက်စစ်တပ်၏ ၀င်ရောက်စီးနှင်းမှုကြောင့် စစ်ဘေးရှောင် ၅ ဦးသေဆုံးခဲ့သည်။ ညှဉ်းပန်း နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် မီးရှို့မှု အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ စစ်အင်အားတိုးချဲ့မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုကြား အပြစ်မဲ့ အရပ်သားပြည်သူတို့၏ အခြေအနေကို ပို၍ ဆိုး၀ါးစေသည်။ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်တားမြစ်ရန် ချက်ခြင်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။​