စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကြသော လူငယ်များကို စစ်ကောင်စီက ကားဖြင့် တိုက်သတ်ကာ အကြမ်းဖက် ဖြိုခွဲစဉ်အတွင်း ဦးခေါင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သော Myanmar Pressphoto Agency (MPA) ၏ ရုပ်သံ သတင်း ထောက် မမှူးရတနာခက်မို့မို့ထွန်း သည် ယခုအထိ သတိပြန်မရသေးကြောင်း မိသားစုဝင်တဦးက ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် မမှူးရတနာခက်မို့မို့ထွန်းသည် ရန်ကုန်မြို့ရှိ အမှတ် ၂ စစ်ဆေးရုံတွင် ဆေးကုမှု ခံယူနေလျက်ရှိပြီး ဦးခေါင်းဒဏ်ရာကို ချုပ်ပေးထားပြီးဖြစ်သော်လည်း ယခုအထိ သတိပြန်မရသေးသလို လူနာနှင့်လည်း တွေ့ခွင့်မရသေး ကြောင်း ၎င်းက ဆိုသည်။

၎င်းက “အခုအချိန်အထိကတော့ စောင့်ကြည့်နေရတုန်းပဲ။ ကျမတို့အခု စစ်ဆေးရုံမှာ စောင့်နေကြတယ်။ ဘာမှ ထပ်မသိရသေးဘူး” ဟု က ပြောပြသည်။

ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်တွင် ပြုလုပ်သော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့် တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ် အကြမ်းဖက် ဖမ်းဆီးမှုကြောင့် လူငယ် ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးခန့် ဖမ်းဆီးခဲ့ရသည်။

သပိတ်ဖြိုခွင်းခံရပြီး ဒဏ်ရာများနှင့် တွေ့ရသည့် မမှူးရတနာခက်မို့မို့ထွန်း (ဓာတ်ပုံ – CJ)

ထိခိုက်ဒဏ်ရာရှိသူများထဲတွင် Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းသည် ခါးနှင့် ခြေထောက်ကျိုး ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

MPA အယ်ဒီတာ ကိုဂျေပိုင် က “ကောင်းမလေး (မမှူးရတနာခက်မို့မို့ထွန်း) အခြေအနေက စိုးရိမ်ရတဲ့ အနေအထားလို့ ပဲပြောလို့ရမှာပေါ့။ ခုတော့ ခွဲစိတ်ထားတဲ့အခြေအနေပါ။ ကိုကောင်းဆက်လင်းကတော့ အောက်ပိုင်းထိထားတာပါ” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကမူ အမျိုးသား ၈ ဦး အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲတွင် အမျိုးသား ၂ ဦးသည် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရ ဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။

ယမန်နေ့ ဆန္ဒပြပွဲတွင် ပုံမှန်ဆန္ဒပြနေသော လူငယ်များအပြင် အလုပ်ပိတ်ရက်ဖြစ်ခြင်းကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့သော ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း၊ ကြည့်မြင်တိုင်ပင်မ သပိတ်စစ်ကြောင်း၊ LGBTQ အဖွဲ့ နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂသပိတ်အဖွဲ့ ပေါင်းစုံ ပါဝင်ခဲ့ခြင်းကြောင့် ပုံမှန်ဆန္ဒပြပွဲများကဲ့သို့ မည်သူများ ပါဝင်ခဲ့သည်ကို အတိအကျ သိရှိရန် ခက်ခဲနေလျက်ရှိ ကြောင်း ဆန္ဒပြတွင် ပါဝင်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။

MPA ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်း

၎င်းက “ကျနော်တို့ ပုံမှန်လုပ်နေကျလူတွေ ရှိတယ်။ အဲဒီလူတွေဆိုရင် ဘယ်သူတော့ ပါသွားပြီ၊ အဆက်အသွယ် မရတော့ ဘူးဆိုရင် ချက်ချင်း သိတယ်။ အဖမ်းခံရတဲ့ ကြက်ခြေနီက ကောင်မလေးဆိုရင် မနေ့က ပွဲမှာမှ အားလို့ လာကြတဲ့ လူတွေ၊ အဲဒီလိုဆိုတော့ အတိအကျ ပြောဖို့ တော်တော်ခက်သွားတယ်” ဟု ဆိုသည်။

အကြမ်းဖက် ဖြိုခွင်းခံရသည့် ဖြစ်စဉ်အတွင်း မျက်မြင်တွေ့ရှိခဲ့ရသည့် ထိခိုက်ဒဏ်ရာရရှိသူများ အခြေအနေနှင့် လမ်းသွား လမ်းလာသူများကိုပါ ဖမ်းဆီးသွားခြင်းကြောင့် စစ်ကောင်စီ၏ ထုတ်ပြန်သည့် ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသည့် အရေအတွက်ထက် ပိုများနိုင်ကြောင်း ထိုဖြစ်စဉ်အတွင်း ထွက်ပြေး လွတ်မြောက်ခဲ့သည့် ၎င်းက ရှင်းပြသည်။

လတ်တလော အခြေအနေများအရ ဖမ်းဆီးခံရသည့် လူများထဲတွင် Myanmar Pressphoto Agency မှ သတင်းထောက် ၂ ဦး၊ အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့မှ မမြကြူကြူသင်း၊ မယဉ်မေအောင်နှင့် မောင်အာကာကျော်တို့ သူငယ်ချင်း သုံး ယောက်ကိုသာ အတည်ပြုနိုင်သေးသည်။

သပိတ်ဖြိုခွင်းခံရပြီးနောက် မမှူးရတနာခက်မို့မို့ထွန်းနှင့် ကိုကောင်းဆက်လင်းတို့ကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားစဉ် (ဓာတ်ပုံ – AFP)

ဖမ်းဆီးခံလိုက်ရသည့် မမြကြူကြူသင်းတို့ကို မည့်သည်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မိသားစုက လက်ရှိ အချိန်ထိ မရှိရသေးကြောင်း ၎င်းတို့၏ မိတ်ဆွေတဦးက ပြောသည်။

ကားဖြင့် အကြမ်းဖက်ဖြိုခွင်းခံရသည့် ဖြစ်စဉ်အပြီး ထွက်ပေါ်လာသော သတင်းဓာတ်ပုံတခုတွင် လူငယ် ၃ ဦး အထိ လမ်းမ ပေါ်တွင် မလှုပ်နိုင်ဖြစ်ကာ အပြင်းအထန် ဒဏ်ရာရရှိနေသည်ကို မြင်တွေ့ရပြီး ထိုသူများသည် မည်သူမည်ဝါဖြစ်သည်ကို ယခုအထိ အတည်မပြုနိုင်သေးပေ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူငယ်များကို ကားဖြင့် တိုက်သတ်ကာ အကြမ်းဖက် ဖြိုခွင်းမှုခဲ့သည့် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ အမေရိကန် သံရုံးနှင့် ပြင်သစ်သံရုံးတို့က ရှုတ်ချကြ ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကကလည်း စစ်ကောင်စီ၏ ထို အကျည်းတန် သော အကြမ်းဖက် ဖြစ်စဉ်များကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ နိုင်ငံတ ကာ ခုံရုံးများတွင် အပြစ်ပေး စီရင်နိုင်ရန် ကြိုးပမ်းနေမှုများအား ယဉ်ကျေးသည့် လူ့အဖွဲ့အစည်း စံချိန်စံနှုန်းများကို လေးစား လိုက်နာသည့် နိုင်ငံတကာအသိုက်အဝိုင်း တခုလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တောင်းဆိုထားသည်။

Irrawaddy News