နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် မနက်ဖြန် နိုဝင်ဘာ ၃၀ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မနက်ဖြန်မှာ အမိန့်ချဖို့ တရားရုံးက လျာထားတဲ့ သဘာဝဘေးစီမံအမှုဟာ ၂၀၂၀ မဲဆွယ်ကာလမှာ ဥတ္တသီရိမြို့နယ်ထဲဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က ထွက်ပြီးလက်ပြနှုတ်ဆက်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့စွဲဆိုခံထားရတဲ့အမှုပါ။ ကိုဗစ်ကာလအတွင်းလူစုလူဝေးဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့စွဲဆိုခံထားရတာဖြစ်ပါတယ်။

နောက်ထပ်အမိန့်ချမယ့် ပုဒ်မ ၅၀၅(ခ)အမှုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ ၃ ဦး လုံးတစ်ပေါင်းတည်းစွဲဆိုခံထားရတဲ့အမှုဖြစ်ပါတယ်။

သူတို့ ၃ ဦးလုံး ရင်ဆိုင်နေရတဲ့ အဲဒီအမှုဟာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ပါတီအကြီး အကဲတွေဖြစ်တဲ့ သူတို့ ၃ဦးလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

သူတို့ သုံးဦးလုံး ဖမ်းဆီးခံထားရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ စာ ၂ စောင်ကိုအကြောင်းပြုလို့ တရားစွဲခံထားတာဖြစ်တဲ့အကြောင်းနဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ပုဒ်မ ၅၀၅(ခ)နဲ့ပတ်သက်လို့ စွဲဆိုရန် မသင့်တဲ့အကြောင်း ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ရက်က သမ္မတဦးဝင်းမြင့်ကိုယ်တိုင် သက်သေထွက်ဆိုထားပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်,AUNG HTET /GETTY IMAGES

ဓာတ်ပုံ ပုံစာ, သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒါပေမယ့် မနက်ဖြန်မှာ အဲဒီအမှုတွေကို အပြီးသတ်အမိန့်ချနိုင်မလား၊စစ်ဆေးချိန်အကန့်အသတ် အပါအဝင် တခြားအကြောင်းပြချက် တချို့ကြောင့် ထပ်မံရွှေ့ဆိုင်းနိုင်တဲ့အခြေအနေလည်းရှိတာကြောင့် တရားသူကြီးရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့ ဥပဒေရေးရာစိတ်ဝင်စားသူတွေက သုံးသပ်ကြတာ လည်းရှိပါတယ်။

သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅(ခ)ပုဒ်မတွေဟာ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်လို့သိရပါတယ်။

တခါ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ အမှုအတွက်လည်း မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်မှာ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခံပြသက်သေအဖြစ်တင်ထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဘယ်လိုစစ်ဆေးမလဲဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ရှိတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

ဓာတ်ပုံ ရင်းမြစ်,AFP

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

ပြီးခဲ့တဲ့ အပတ်က ဒေါက်တာဇော်မြင့်မောင်ကို ခံပြသက်သေအဖြစ်စစ်ဆေးရမှာဖြစ်ပေမယ့် သူ့ကို ကျန်းမာရေးစစ်ဆေးတဲ့အစိုးရဆရာဝန်က ကျန်းမာရေးအခြေအနေအရ ခရီးသွားဖို့ခွင့်မပြုသင့်ဘူးဆိုတဲ့မှတ်ချက်ကို ပေးခဲ့တာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးအိုးဘိုထောင်ကနေ နေပြည်တော်အထူးတရားရုံးကို လာရောက်သက်သေ ထွက်ဆိုခွင့်မရခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ကို ဘယ်လိုပုံစံနဲ့ စစ်ဆေးမလဲဆိုတဲ့ဆုံးဖြတ်ချက်ကို မနက်ဖြန်မှာတရားရုံးကချမှတ်ဖို့ရှိပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီးလာမယ့်နိုဝင်ဘာ ၃၀ရက်မှာတော့ စွဲဆိုခံထားရတဲ့အမှုတွေထဲက တချို့အမှုတွေကို အပြီးသတ် အမိန့်ချဖို့ရှိနေတာ ဖြစ်ပါတယ်။

BBC Burmese