အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရစဉ် ဒေသခံခြောက်ဦး သေဆုံးသည်ဟု ဒေသခံအချို့က ဆိုသည် 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်များအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံသုံးဦးက ဆိုသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူဖြည့်တင်းကာ တိုက်ခိုက်ခဲ့မှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ ဆည်ကြီး၊ သရက်တော၊ မူခတွင်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး စသည့် ကျေးရွာများမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များအသုံးပြုပစ်ခတ်သောကြောင့် ခြောက်ဦးသေဆုံးသည်ဟု ဒေသခံအချို့က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ညောင်လှရွာနှင့် ဆည်ကြီးရွာတွင် ယမန်နေ့ (နိုဝင်ဘာ ၂၇) ၌ စစ်တပ်က ရဟတ်ယာဉ်ငါးစီးဖြင့် စစ်ကူအင်အားဖြည့်တင်းကာ တိုက်ခိုက်ခဲ့သည့်ပြင် ယနေ့တွင်လည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု ကိုညီနောင်ဟု အမည်လွှဲခံယူထားသူ ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် အရှေ့တောင်ဘက် ၁၀ မိုင်အကွာ မူးမြစ်အနီးရှိ လူဦးရေ ၅၀၀၀ ကျော် နေထိုင်သော ညောင်လှရွာတွင် ယနေ့ နံနက်က မီးခိုးလုံးများ မြင်တွေ့နေရသည်ဟု ၎င်းက ပြောသည်။

“ပြောနေကြတာတော့ ဘုန်းကြီးကျောင်းထဲက ဆိုင်ကယ်တွေကို ရှို့နေတာတဲ့။ အဲဒီမှာ ရွာသားတွေက ဆိုင်ကယ်တွေ ထားခဲ့တာ။ အဲဒါကို ရှို့နေတယ်လို့ သိရတယ်။ လက်နက်ကြီးလက်ငယ်ပစ်သံတွေလည်း ကြားနေရတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေက ကျန်ခဲ့တယ်။ မပြေးနိုင်တဲ့သူတွေပေါ့ဗျာ” ဟု ထွက်ပြေးတိမ်းရှောင်နေသူ ကိုညီနောင်က ပြောသည်။

လက်ရှိတွင် စစ်တပ်က ညောင်လှနှင့် ဆည်ကြီးရွာကို မူးမြစ်ကူး ယဉ်ကျေးတံတားပေါ်တွင် သုံးနေရာခွဲ၍ တပ်စွဲထားကာ ညောင်လှရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ကိုဇီးရိုးဆိုသူ အခြားဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

လုံခြုံရေးအခြေအနေအရ ကိုဇီးရိုးဟု အမည်ပြောင်းထာသူ အဆိုပါ ဒေသခံအမျိုးသားမှာလည်း လက်ရှိတွင် အခြားဒေသခံများနည်းတူ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“အိမ်တွေကို လက်နက်ကြီးနဲ့ ထုတယ်။ ရွာထဲကိုလည်း လက်နက်ငယ်နဲ့ တရစပ်ပစ်တယ်။ ရွာထဲမှာ ဘယ်သူတွေ ကျန်ရစ်လဲ။ ဘယ်သူတွေသေလဲဆိုတာတွေကိုက လောလောဆယ် ကျွန်တော်တို့ မသိနိုင်ဘူး” ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကိုဇီးရိုးက ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် ညောင်လှရွာအနီးသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်ငါးစီးအနက် လေးစီးသည် စစ်သားများ တင်ဆောင်လာခြင်းဖြစ်ကာ စစ်သားများချပြီးနောက် ညောင်လှနှင့် ဆည်ကြီးရွာကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါဒေသခံနှစ်ဦးနှင့် ညောင်လှရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများအနီးတစ်ဝိုက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်က ရဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့ (စစ်တပ်)နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ PDF တွေက သူတို့ကို ဝိုင်းထားကြပြီ။ ထွက်ဖို့ မလွယ်တော့ဘူးဆိုပြီး စစ်ကူခေါ်တယ်လို့ မြင်တယ်။ (လက်လုပ်) မိုင်းတွေ ဘာတွေကြောက်ပြီး ဘယ်မှ မထွက်ရဲတော့ဘဲ စစ်ကူခေါ်တာ။ သူတို့က ဆည်ကြီးရွာထဲမှာ မွှေနှောက်နေကြတာ” ဟု ကိုဇီးရိုးက ပြောသည်။

အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် ညောင်လှရွာသားကလည်း “ရွာသားတွေကလည်း အသက်လုပြီး ထွက်ပြေးလာရတာ။ ရေရေရာရာ ဘာမှမပြောနိုင်သေးဘူး” ဟု ဆိုသည်။

စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်စဉ် ထွက်ပြေးနေသည့် ဒေသခံများအနက် ညောင်လှရွာသား ခြောက်ဦးခန့် သေနတ်ကျည်ဆန်ထိမှန်၍ လဲကျသေဆုံးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု အခြားထွက်ပြေးတိမ်းရှောင်သူ ရွာသားများထံမှ သိရသည်ဟု ကိုညီနောင်က ဆိုသည်။

“ဒီနေ့မနက် နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ ဟတ်စကီးတစ်စီး ထွက်လာတယ်လို့ ကြားတယ်။ အခုထိတော့ ရောက်မလာသေးဘူး။ မနေ့က ပြေးလာတဲ့သူတွေဆီက သိရတာက လေးငါးလောင်းလောက် တွေ့ရတယ်လို့ ပြောတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ အဲဒီ(ညောင်လှရွာ) တစ်ဝိုက်က ရွာတွေက အကုန်လုံးပြေးနေရတာ”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့က ကျည်ဆန်ထိမှန်ခဲ့သည့်  ညောင်လှရွာသား လေးဦးအနက် တစ်ဦးသေဆုံးသည်ဟု ကြားသိရသည်ဟုလည်း ကိုဇီးရိုးက ပြောသည်။

ထွက်ပြေးနေရသည့် ပြည်သူများ လိုက်နာရန် အချက်များကို ဒီပဲယင်းမြို့နယ် PDF က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ လယ်ကွင်းထဲတွင် အစုလိုက်နေထိုင်ခြင်းကို ရှောင်ရှားရန်၊ စစ်တပ်က မိုးကာအုပ်ထားသည့် ကားများဖြင့် ဝင်ရောက်နေသာကြောင့် ပြည်သူများအနေဖြင့် ကားကို မိုးကာအုပ်မောင်းနှင်ခြင်း မပြုရန် တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းမှုကို အပြင်းအထန်ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများကို စစ်ကောင်စီက အကြမ်းတမ်းဆုံး ဖိနှိပ်လျက်ရှိရာ ဒီပဲယင်းမြို့အနောက်ဘက်ရှိ ဝန်းရံ၊ ကုန်းရိုးနှင့် တပ်တည် စသည့် ကျေးရွာများကို ယခုလဆန်းပိုင်းတွင် ရဟတ်ယာဉ်လေးစီးဖြင့် ရောက်ရှိလာသည့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

ဒီပဲယင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ၊ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းများအပေါ် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

Myanmar Now