မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို ထင်သလို ဖမ်းဆီးမှုတွေ တိုးလာနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ထင်သလို ဖမ်းဆီးမှုတွေ တိုးလာတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ပါတယ်။ NLD အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ဆက်နွယ်နေသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်နေသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်ကို ကျင့်သုံးတာကနေ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာတွေအထိ သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ပစ်မှတ်ထားတာကို ခံနေရကြောင်းနဲ့ ဒီလို ထင်ရာဖမ်းဆီးမှုတွေကို ရပ်ပစ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ထင်သလိုဖမ်းဆီးနေတာအတွက် စိတ်ပူကြောင်း မတ်လတုန်းက လုံခြုံရေးကောင်စီကထုတ်ပြန်ထားသလို အခု ရက်ပိုင်းအတွင်း NLD ရုံးတွေ အတိုက်ခိုက်ခံနေရတာ အတွက် ကုလသမဂ္ဂက စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးလာတာ အပါအဝင် အဖမ်းခံနေရသူတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေ၊ ဆန္ဒပြပြည်သူတွေ အပေါ်ခြေမှုန်းမှုတွေဖြစ်ပွါးနေတာနဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂက စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း စစ်တပ်ဖမ်းဆီးထားစဉ် သေဆုံးရသူက ၁၇၅ ဦးထက်မည်းရှိနေပြီး ဒီအထဲမှာ အောက်တိုဘာ အစောပိုင်းကစပြီး အဖမ်းခံနေရစဉ် သေဆုံးရသူ ၅၀ ပါပါဝင်ကြောင်းနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ နှိပ်စက်ညှင်းပမ်းထားတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အဖွဲ့အားလုံးကလည်း အကြမ်းဖက်မှုတွေကို ရပ်တံ့ဖို့ပါ ကုလသမဂ္ဂက ထပ်မံတောင်းဆိုခဲ့ပါတယ်။

VOA News