မြန်မာနိုင်ငံတ၀န်းရှိ အရပ်သားများအား အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြားလာသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူ့အခွင့်အရေးအဖွဲ့အသီးသီးမှ စစ်ပွဲများအဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။ ​ကရင်အမျိုးသီးအဖွဲ့အစည်း (KWO)၏ ဖေ့ဘွတ် လူမှုစာမျက်နှာတွင် “ငြိမ်းချမ်းရေးသည် အမျိုးသမီး၊ အမျိုးသားနှင့် ကလေးများအပါအဝင် လူသားတိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်ခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းများမရှိပဲ  ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ လူမှုအဖွဲ့အစည်းကို တိုးတက်အောင်လုပ်ဆောင်ရန် အခွင့်အလမ်းများ ရရှိနိုင်ခြင်းကို ဆိုလိုခြင်း”ဖြစ်သည်ဟု ရေးသားခဲ့သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)၏ မှတ်တမ်းပြုချက်အရ ကရင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားနှင့် လက်နက်ကိုင်များကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းနှင့်သော်လည်းကောင်း၊  မြေပြင်တိုက်ခိုက်မှုများနှင့်သော်လည်းကောင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကာ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အပြစ်မဲ့အရပ်သားများအား နေ့စဥ်နှင့်အမျှ အင်အားသုံး  အကြမ်းဖက် တိုက်ခိုက်နေသည်။

ဘုရားဝတ်ပြုဆောင်များဖြစ်သည့် ဘုရားရှိခိုးကျောင်းများ မီးတင်ရှို့ ဖျက်ဆီးခံခဲ့ရသည်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ထောက်ခံပံ့ပိုးပေးသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် ၎င်းတို့၏ ဘုန်းကြီးကျောင်းထဲတွင်ပင် အသတ်ခံခဲ့ရသည်။ မိသားစု၀င်များသည် တစ်ကွဲတစ်ပြား ဖြစ်ခဲ့ရပြီး ၎င်းတို့၏ဘ၀ ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်နေရသည်။

စေတနာ့၀န်ထမ်းများသည်  ထိခိုက်လွယ်သောလူအုပ်စုများ၏ လိုအပ်ချက်များအတွက် အကူအညီများကို ပေးပို့ရာတွင်  ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို စွန့်စားကာ လုပ်ဆောင်နေရသည်။ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါး၊ ရိက္ခာများကို သွားရောက်သယ်ဆောင်လာသော စေတနာ့၀န်ထမ်းတစ်ဦး၏ ယာဉ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်မီးရှို့ခဲ့သည်။  ဒလန်၏ သတင်းပေးတိုင်းကြားမှုကြောင့် အရပ်သားတို့၏ သတင်း အချက်အလက်များ ပေါက်ကြားပြီး ၀င်ရောက်စီးနင်းရှာဖွေမှုများ ဆက်လက်ဖြစ်ပွားနေသည်။ ရန်ကုန်တွင် ဖမ်း၀ရမ်းမပါဘဲ ရုတ်တရက်၀င်ရောက်စီးနင်းခဲ့ရာ ပြီးခဲ့သည့် တစ်ပတ်တာ ကာလအတွင်း အနည်းဆုံးလူ ၃၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးစဥ် တစ်ဦးသေဆုံးခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြနှင့် ကျေးလက်ဒေသ တစ်လျှောက်ရှိ ကြီးထွားလာသော ပျောက်ကျားတိုက်ခိုက်မှုများနှင့် စစ်အဏာသိမ်းမှု ဆန့်ကျင်သူများကို  ရက်စက်စွာ အကြမ်းဖက် ချေမှုန်းနေသည်။​

လူသားများ၏အသက်ကို လစ်လျူရှုခြင်းသည် နေ့စဥ်မြင့်တက်လာသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းများသည်  အရေးယူမှုများ လုပ်ဆောင်ရန်  နှေးကွေးနေဆဲဖြစ်သည်။ စစ်ကောင်စီသည် မြန်မာလူထုကို အကာအကွယ်ပေးရန်နှင့် မြန်မာပြည်သူတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်  စီမံအုပ်ချုပ်နိုင်စွမ်း မရှိကြောင်း သက်သေပြလျက်ရှိသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletမှ လူ့အခွင့်အရေးကောင်စီ ညီလာခံသို့ မိန့်ခွန်းပြောကြားရာတွင်   “ရှေ့ဆက်သွားမည့် မည်သည့် ဖြေရှင်းချက်အတွက်မဆို တာ၀န်ယူမှု၊ တာ၀န်ခံမှုသည် အရေးပါသော အချက်ဖြစ်သည်ဟု” ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်တွင် မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှုသည်  စစ်ကောင်စီလက်အောက် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး မည်မျှထိ ပျက်စီးသွားကြောင်းကို ပြသနေသည်။  ကျပ်ငွေတန်ဖိုး တစ်ဒေါ်လာ ၂၂၀၀ ထိရှိလာခဲ့သည်။​ ထို့အပြင် ၂၀၂၁ ခုနှစ် Freedom on Net နှစ်ပတ်လည် အစီရင်ခံစာတွင် စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆက်လက်ကျဆင်းနေပြီး အင်တာနက်လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ရမှတ် ၁၄ မှတ်ထိ တဟုန်ထိုး ကျဆင်းခဲ့သည်။  တစ်နှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့်  ကျဆုံးမှုသည် အဆိုးဆုံးဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပိုမိုရရှိရန် အထူးသဖြင့် ကိုဗစ်-၁၉  ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အကူအညီများပေးနိုင်ရန်အလို့ငှာ ကုလ၏ကမ်းလှမ်းမှုကို စစ်ကောင်စီခန့် ကျန်းမာရေး၀န်ကြီးမှ ငြင်းပယ်ခဲ့သည်။ စစ်အာဏာသိမ်းမှု အောင်မြင်ခြင်းမရှိရန် ပြည်သူများသည် စစ်ကောင်စီကို ငွေတောင်းခံမှုများကို ပေးဆောင်ခြင်းမရှိဘဲ ဆန့်ကျင်နေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ထုတ်ပြန်ချက်အရ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ ၉၇% သည်  ငွေပေးချေမှုများ လုပ်ဆောင်ခြင်းမရှိတော့ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြည်သူ ၈၀% သည် အလားတူလုပ်ဆောင်ကြသည်။ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးကို ငြင်းဆန်ခြင်းသည် မြန်မာပြည်သူတို့၏ စိတ်ဓါတ်နှင့် ခုံခံတော်လှန်မှုကို မီးမောင်းထိုးပြနေသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် တရားမ၀င် အာဏာသိမ်းစစ်ကောင်စီ၏ အင်အားသုံးတိုက်ခိုက်မှုကြောင့်  သေကြေပျက်စီးစေသော ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်သည်။ ချင်းပြည်နယ်၏ မြို့တော်ဟားခါးတွင် လအစပိုင်းမှစတင်၍ ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှုများ နေ့စဥ် ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်မှ ကျေးရွာများကို မီးတင်ရှို့ခြင်းနှင့် ရမ်းသမ်းပစ်ခတ်မှုများကို လုပ်ဆောင်နေသည်။ တန်တလန်ဒေသခံတစ်ထောင်ကျော်သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ထိပ်တိုက်ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် မြန်မာ-အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထန်တလန်တွင် အကြမ်းဖက်တပ်နှင့် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် (CDF)ကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့်အထဲတွင် ခရစ်ယာန် သင်းအုပ်ဆရာတစ်ပါးလည်း ပါ၀င်သည်။ မီးလောင်ခဲ့သောအိမ်များကို မီးငြိမ်းသတ်ရန် ကြိုးစားစဥ် စစ်တပ်၏ပစ်ခတ်မှုကြောင့် ၎င်းသည် ကျည်ထိမှန်သေဆုံးခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် သင်းအုပ်ဆရာ၏ လက်ကိုဖြတ်ပြီး  လက်ထပ်လက်စွပ်နှင့် တန်ဘိုးရှိသော ပစ္စည်းတို့ကို ခိုးယူခဲ့သည်။ ချင်းပြည်နယ်၏ အဓိကကျသောဒေသများတွင်လည်း အင်တာနက် ဖြတ်တောက်ခြင်း ခံခဲ့ရသည်။

 

ကချင်ပြည်နယ်

ကချင်ပြည်နယ် မုံးကိုး ဒေသတွင် စစ်ကားအစီး ၄၀ နှင့်စစ်အင်အား ( ၂၀၀) ကျော် ရောက်ရှိ နေသောကြောင့် အရပ်သားဒေသခံကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ကချင်ပြည်မှ ဒေသခံပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပါ် အကူအညီ လိုအပ်နေသူ (၃) သန်းကျော်တွင် ကချင်ပြည်နယ် ဒေသခံများပါ၀င်သည်။​

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်စဥ် လုံခြုံရေးတင်းကြပ်ထားသော်လည်း ဒါဇင်နှင့်ချီသော လူငယ်တို့သည် အာဏာရှင်၏ ခရီးစဥ်ကို ဆန့်ကျင် ဆန္ဒပြခဲ့သည်။ ။ကချင်ပြည်နယ်၏ ဒေသအချို့သည် အင်တာနက် ဖြတ်တောက်ခြင်း ခံရသော ပြည်နယ် (၅) ခုနှင့် မြို့နယ် (၂၂) ခုတွင် ပါဝင်သည်။

 

ကယားပြည်နယ်

ကယားပြည်နယ် ဒီမော့ဆို့မြို့နယ် စစ်ဘေးရှောင်များ ခိုလှုံသောနေရာများတွင် စစ်ကောင်စီတပ်မှ မိုးရွာသွန်းသကဲ့သို့ တရစပ် ပစ်ခတ်ခဲ့သည့် တိုက်ပွဲတွင် လက်နက်အင်အား မမျှသောကြောင့် ဒေသခံကာကွယ်ရေးများ တပ်ဆုတ်ပေးလိုက်ရသည်။​ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် လေးနာရီခန့် ကြာမြင့်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးခဲ့သည်။

ကယားပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာသောကြောင့် စစ်ဘေးရှောင်များ၏ အခြေအနေမှာ ဆိုး၀ါးလာလျက်ရှိသည်။ စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသောသူများသည် အကြမ်းဖက်စစ်ကောင်စီမှ ပစ်မှတ်ထားခံရသောကြောင့် အသက်အန္တရာယ်ရှိသည်။ ​ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၀ ရှိသည်ဟု သိရှိရသည်။