ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
■ စက်တင်ဘာလ ၂၇ရက်နေ့က ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ခြောက်ရက်မြောက် နောက်ဆုံးနေ့မှာ နိုင်ငံခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု သံတမန်တွေဟာ လူကိုယ်တိုင် တက်ရောက်သူတွေရော အွန်လိုင်းကနေ တက်ရောက် စကားပြောသူတွေရောရှိခဲ့ပြီး၊ အစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံအားလုံးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအလုံအလောက်ရရှိဖို့နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ပြောသွားခဲ့ကြပါတယ်။
လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်းပြောကြားဖို့ ကနဦးက စီစဉ်ထားခဲ့ပေမယ့် အမှန်တကယ် မိန့်ခွန်းပြောကြားနိုင်ခြင်း မရှိခဲ့ပါဘူး။
အထွေထွေ ညီလာခံ နောက်ဆုံးနေ့မှာ မြန်မာ သံအမတ်ဦးကျော်မိုးထွန်း အမှန်တကယ် တက်ရောက် မိန့်ခွန်းပြောနိုင်ခြင်းရှိမရှိ အတည်ပြုနိုင်ဖို့ RFA မြန်မာပိုင်းကနေ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ဆီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ လက်ရှိ ညီလာခံ တက်ရောက်မိန့်ခွန်းပြောမယ့်သူ စာရင်းမှာ မြန်မာနိုင်ငံမပါဝင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ စည်းမျဉ်းတွေအရဆိုရင် credential committee ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်မယ့် ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်း မရှိတဲ့အတွက်၊ လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဦးကျော်မိုးထွန်းဟာ နိုင်ငံကိုယ်စားပြုတက်ရောက်သူအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ သံအမတ်ဦးကျော်မိုးထွန်းကို ကုလသမဂအထွေထွေညီလာခံ တက်ရောက်ခွင့်ပြုထားတာနဲ့ ပက်သက်လို့ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ RFA က အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
International Crisis Group ICG က ကုလသမဂ္ဂရေးရာ ညွှန်ကြားရေးမှုး Richard Gowan ကတော့ လက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ခွင့်မပေးဖို့ နဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ညီလာခံ တက်ရောက်ခွင့်ပြုပေမယ့်၊ တက်ရောက် စကားပြောတာ မလုပ်ပဲ low profile အနေနဲ့ နေပေးဖို့ အမေရိကန် နဲ့ တရုတ်နိုင်ငံအကြား သဘောတူညီထားကြောင်း၊ အမေရိကန်ဘက်က စစ်ကောင်စီကို အသိအမှတ်ပြုတဲ့သဘော ဖြစ်မှာကို မလိုလားသလို၊ တရုတ်နိုင်ငံဘက်ကလည်း မြန်မာသံအမတ်က မြန်မာစစ်တပ်ကို အားပေးထောက်ပံ့နေတဲ့ နိုင်ငံတွေကို အပြစ်တင်ရှံ့ချကြောင်း ပြောလာရင် တရုတ်နိုင်ငံအတွက် မျက်နှာပျက်စရာဖြစ်လာမှာကို မလိုလားကြောင်း RFA ကို ပြောကြားထားပါတယ်။
မြန်မာစစ်တပ်က အရာရှိဟောင်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးဌာန တည်ထောင်သူ ဦးနိုင်ဆွေဦးကတော့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ရာထူးက ထုတ်ပယ်ထားပြီးသူဖြစ်တဲ့အတွက် နိုင်ငံကိုယ်စားပြုခွင့် မရှိကြောင်းနဲ့ မနေ့ကကျင်းပတဲ့ ညီလာခံ နောက်ဆုံးရက်မှာ တက်ရောက် စကားပြောခွင့်မရခဲ့တာဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားတရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ရယူ ချုပ်ကိုင်ထားနိုင်တဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြုအစိုးရဖြစ်သင့်ကြောင်းနဲ့ အထွေထွေ ညီလာခံမှာလည်း စစ်ကောင်စီက ရွေးခြယ်ထားတဲ့ ဦးအောင်သူရိန်ကိုသာ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် တက်ရောက်ခွင့်ပေးသင့်ကြောင်း ဦးနိုင်ဆွေဦးက ပြောပါတယ်။
International Crisis Group ICG က ကုလသမဂ္ဂရေးရာညွှန်ကြားရေးမှူး Richard Gowan ကတော့ ကုလသမဂ္ဂက မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရာမှာ အခုကျင်းပနေတဲ့ အထွေထွေညီလာခံမှာ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရရေး ကိစ္စတစ်ခုတည်းကို အလွန်အကျွံ အာရုံစိုက်နေကြတာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
“ကုလသမဂ္ဂက မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး တက်ရောက်ခွင့် ရရေး ကိစ္စတစ်ခုတည်းကို အလွန်အကျွံ အာရုံမစိုက်သင့်ပါဘူး။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအကြပ်အတည်းအတွက် အခြားလုပ်လို့ရတာတွေ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ရှံ့ချကြောင်း အခုနှစ် အစောပိုင်းက အထွေထွေ ညီလာခံမှာ resolution တစ်ခု ထုတ်ပြန်ခဲ့ပြီးပါပြီး။ နောက်ထပ်ပြီးတော့လည်း resolution တွေ ထပ်ထုတ်လာနိုင်ပါတယ်။ စစ်ခေါင်းဆောင်တွေကို ဖိအားပေးမယ့် လုပ်ဆောင်ချက်တွေ လည်း ထပ်ပြီး ချမှတ်လို့ ရပါတယ်။ မြန်မာနိုင်ငံကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်မရောင်းချဖို့ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကလည်း အတည်ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း စစ်ခေါင်းဆောင်တွေကို ထပ်ပြီး ဖိအားပေးမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်လို့ရပါတယ်။ တရုတ်နဲ့ ရုရှားက တားဆီးမယ့် အလားအလာတော့ရှိပါတယ်။ အရေးကြီးတာဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့်ရဖို့ ကိစ္စ တစ်ခုတည်းကြောင့် အခြား ကိစ္စတွေအပေါ် အာရုံပြောင်းမသွားသင့်ပါဘူး။”
မနေ့က ကျင်းပတဲ့ အထွေထွေညီလာခံ နောက်ဆုံးနေ့မှာ မြန်မာနိုင်ငံလိုပဲ နိုင်ငံကိုယ်စားပြုပြီး ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ် ရွေးချယ်ရေး အငြင်းပွားနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာလည်း ကနဦးက တာလီဘန်တွေ ဖြုတ်ချခံလိုက်ရတဲ့ အာဖဂန်အစိုးရ သမ္မတ အာရှရက်ဂဟနီက နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောဖို့ စီစဉ်ထားခဲ့ပေမယ့် မနေ့ကပြုလုပ်တဲ့ အထွေထွေညီလာခံမှာ အမှန်တကယ်တက်ရောက်မိန့်ခွန်းပြောသွားခြင်းမရှိခဲ့တာ တွေ့ရပါတယ်။