အကြမ်းဖက်စစ်ကောင်စီမှ ပံ့ပိုးသည့် အပြစ်မဲ့ပြည်သူများအပေါ် အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသာ အကြမ်းဖက်မှုများကို ပြည်သူများ ရင်ဆိုင်နေရသည်မှာ (၇) လတာ ကြာပြီဖြစ်သော်လည်း စစ်အာဏာရှင်ကျဆုံးရေး အတွက် ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှုများသည် လျော့ပါးသွားခြင်းမရှိပေ။ စက်တင်ဘာ ၇ ရက်  အင်္ဂါနေ့ မှစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် စတင်ပြီဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ယာယီ သမ္မတ ဒူဝါလရှီးလမှ အာဏာသိမ်းစစ်ကောင်စီ အပေါ်စစ်ကြေညာလိုက်သည်။

စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် လူမဆန်မှုဒဏ်ကို လပေါင်းများစွာခံစားနေရသော အရပ်သားများသည် “ D-Day”ကို ကောင်းစွာ လက်ခံကြိုဆိုခဲ့ကြသည်။ အကြမ်းဖက်မှုများနှင့် ထိခိုက်ဆုံးရှုံးမှုများပိုတိုးလာမည်ကို ပြည်သူများ ရင်ဆိုင်ရမည်ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေး အောက်တွင်နေရသည့်ဘ၀လောက် ဆိုး၀ါးခြင်းမရှိဟု ပြည်သူအများစုမှ လက်ခံထားကြသည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ တိုးလာနိုင်သောကြောင့် အများပြည်သူများ အနေဖြင့် ယခုကာလတွင်  မလိုအပ်ပဲ ခရီးမသွားကြရန်၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စုဆောင်းထားကြရန် NUG မှတိုက်တွန်းထားသည်။

NUG ၏ ကြေညာချက်သည် လာမည့်စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးကပ်လာချိန်တွင် ချိန်ကိုက် လုပ်ဆောင်ပြသမှု တစ်ရပ် ဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းမှ တုံ့ပြန်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာတွင် တက်ရောက်လာမည့် နိုင်ငံ့ကိုယ်စားလှယ်များမှ မည်သူကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

NUG ၏ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ရာသာမက အာဆီယံနှင့်တစ်ခြားသော နိုင်ငံတကာအသိုင်းအ၀ိုင်းတို့မှ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့်ဆက်နွယ်သော ၎င်းတို့လုပ်ဆောင်ရမည့် နိုင်ငံတကာတာဝန်များကို ပျက်ကွက်ခြင်းကြောင့်ဖြစ်သည်။ D-Day မတိုင်မှီတွင် အာဆီယံအထူးကိုယ်စားလှယ်မှ လူသားချင်းစာနာမှုအထောက်အပံ့ပေးရေး၊ ၄ လတာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ရာ အကြမ်းဖက်စစ်ကောင်စီမှ ကတိုက်ကရိုက် သဘောတူ လက်ခံခဲ့သည်။  အပစ်ခတ်ရပ်စဲရေးသည် စစ်ကောင်စီနှင့် အာဆီယံမှ ကြားပွဲစားအနေဖြင့် လုပ်ဆောင်ပုံပေါ်ပြီး NUG (သို့) ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မည်သည့်ညှိနှိုင်းမှုမှ မလုပ်ခဲ့သောကြောင့် NUG မှ မေးခွန်းထုတ်ခဲ့သည်။ မြန်မာစစ်တပ်သည် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို အမြဲချိုးဖောက်ခဲ့သည့် သမိုင်းကြောင်းများရှိခဲ့သည်။

မြို့ပြနှင့်ကျေးလက်ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်​။ ရန်ကုန်မြို့ရှိ ဆေးဆိုင်များနှင့် စျေးဆိုင်များတွင် ၀ယ်ယူသူများနှင့် ပြည့်နှက်နေခဲ့သည်။  မြို့ပေါ်တွင် ဂျက်လေယာဥ်များ ပျံဝဲခဲ့ပြီး စျေး၀ယ်စင်တာများတွင် ခုခံကာကွယ်ရေးအနေဖြင့် စစ်သားများ နေရာယူခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ် (CDF) ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအ၀င် တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့သည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စစ်အာဏာရှင်ပျက်သုန်းရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဂတိက၀တ်ပြုခဲ့သည်။ မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂမှလည်း လက်နက်ကိုင်တော်လှန်ရေးတွင် ကျောင်းသားများ အနေဖြင့် ထိပ်ဆုံးမှ ပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

 

တိုင်းရင်းသားဒေသများရှိပဋိပက္ခများ

ချင်းပြည်နယ်

စစ်အာဏာသိမ်းသည့်အချိန်မှစ၍  စစ်ကောင်စီ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့်  အမျိုးသမီးနှင့် ကလေးသူငယ် (၁၄)ဦးအပါအ၀င် ချင်းဒေသခံ ၁၀၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူ အနည်းဆုံး (၇)ဦးတို့၏ အလောင်းများအား သောကရောက်နေသောမိသားစုကို ပြန်မပေးခဲ့ပေ။  ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုထားပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်များအတွက် အရေးယူရန် ကုလသမဂ္ဂကိုတောင်းဆိုခဲ့ကြသည်။  နိုင်ငံတစ်၀န်းရှိဘာသာရေးအဆောက်အဦးများ ဆက်လက်ဖျက်ဆီးခံနေရသည်။  မင်းတပ်မြို့နယ်ရှိ ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီတပ်ဖွဲ့၀င်များမှ ဝင်ရောက် မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီကို NUG မှစစ်ကြေငြာပြီးနောက် ချင်းပြည်ကာကွယ်ရေးတပ်မှ ချင်းပြည်သူများကို အကြမ်းဖက်မှုများတိုးလာနိုင်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။

 

ကရင်နီပြည်နယ်

ကယားပြည်နယ်သည် တစ်ပြည်နယ်လုံးအတိုင်းအတာနေဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)၏ မှတ်တမ်းများအရ

စစ်အာဏာသိမ်းကာလ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း အကြိမ် (၆၀) ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်နှင့် စစ်ဘေးရှောင်ပြည်သူ (၈၃)ဦး သေဆုံးခဲ့သည်။ ဒေသခံပြည်သူ ၁၂၀ ဖမ်းဆီးခံခဲ့ရပြီး ဒေသခံ ၁၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စက်တင်ဘာလ ၇ရက်နေ့ ဒီမောဆိုမြို့နယ်တွင် ကရင်နီတပ်မတော် (KA)နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KNDF)တို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်တပ်သား (၄)ဦးသေဆုံးခဲ့သည်။ D-Day ကြေငြာပြီးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများ တကျော့ပြန် တိုးလာခဲ့သည်။​

 

ရှမ်းပြည်နယ်

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လင်မယားနှစ်ဦးသည် ဖမ်းဆီးခံရပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်၏ ချုံခိုတိုက်ခိုက်မှုမှကာကွယ်ရန် လင်မယားစုံတွဲအား လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ ဤကဲ့သို့သောဖြစ်ရပ်များသည် တိုက်ပွဲများကြားတွင် ပိတ်မိနေသောပြည်သူများအနေဖြင့် ပုံမှန်ကြုံတွေ့နေရပြီး အကြမ်းဖက်တပ်၏ အမိန့်ကိုနာခံရုံမှလွဲ၍ မည်သည့် ရွေးချယ်စရာ လမ်းမရှိခဲ့ပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PKPF) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။