အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စကားပြောခွင့် မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြား သဘောတူမှု ရထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလအထွေထွေညီလာခံကနေ တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ် တချို့ကြာ အချိန်ယူပြီး ကြိတ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံခြားရေး မူဝါဒ စာစောင် “ဖောရိန်းပေါ်လစီ FP” က ရေးပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ရလာတဲ့ သဘောတူမှုအရ ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေ ညီလာခံမှာ စကားမပြောပဲ နေရမယ် ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကနဦး သတင်းတွေက ဆိုပြီး ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြု နိုင်ဖို့ ကြိုးစား နေပါတယ်။

တရုတ်နဲ့ အမေရိကန် ကမကထလုပ် ညှိနှိုင်းတဲ့ ဒီ သဘောတူမှုကို ဥရောပ သမဂ္ဂ အီးယူရော၊ အာဆီယံ နိုင်ငံတွေရော၊ ရုရှားပါ မကျန် အလွတ်သဘော လက်ခံတယ် ဆိုပြီး ကုလ သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး FP က ပြောပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ် အထွေထွေ ညီလာခံမှာ စကားပြောခွင့် မရ၊ ပါဝင်ခွင့် မရ ဖြစ်သွားမယ် ဆိုရင် တရားဝင် အစိုးရ သဖွယ် ပုံဖော်နိုင်ဖို့ စစ်ကောင်စီရဲ့ ကြိုးစားနေမှု အကြီးအကျယ် ထိုးနှက် ခံရတာ ဖြစ်ပါတယ်။

အနည်းဆုံးတော့ စစ်ကောင်စီ အနေနဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြု ခံရဖို့ ဆိုရင် အနည်းဆုံး နိုဝင်ဘာလ အထိတော့ စောင့်ရနိုင်တယ်လို့ FP က ဆိုပါတယ်။

အရည်ချင်းစစ်ကော်မတီရဲ့ စိစစ်ထောက်ခံမှု ထွက်ပေါ်လာချိန်ကို ရည်ညွှန်းတာ ဖြစ်ပြီး အကယ်၍ စစ်ကောင်စီ ခန့်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတဲ့ အဖြေမျိုး ထွက်လာခဲ့ရင်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

နိုင်ငံကို ကိုယ်စားပြုခွင့် အရည်ချင်းစစ်ကော်မတီထဲမှာ ဘယ်နိုင်ငံတွေ ပါမလဲ ဆိုတာလည်း အခု စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာလာမယ်လို့ မျှော်လင့် ရပါတယ်။

ကုလ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကော်မတီ ဥက္ကဌက ဆွီဒင်၊ အဖွဲ့ဝင်တွေက ပါနေကျ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ကျန် ၅ နိုင်ငံကတော့ ဘဟားမားစ်၊ ချီလီ၊ ဘူတန်၊ ဆီယာရာလီယွန်း၊ တောင်အာဖရိကတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese News