(RFA) ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် အရေးပေါ် အစည်းအဝေးခေါ်ယူဖို့ မေတ္တာရပ်ခံတဲ့စာကို

မတ်လ ၂၂ ရက် မနေ့က လက်ခံရရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက RFA ကို ပြောပါတယ်။

ဒီစာထဲမှာ ပါတဲ့အချက်တွေဟာ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရကို အစဉ်တစိုက် တောင်းဆို လာခဲ့တဲ့ အချက်တွေပဲ ဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း ကုလသမဂ္ဂမှာ ကျင်းပမဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများရဲ့ ဆွေးနွေးပွဲမှာလည်း အတွင်းရေးမှူးချုပ်အနေနဲ့ အလေးထား ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ဆုန်အာချွိုင်းက RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက စာကို လက်ခံရရှိတယ်ဆိုတာ အတည်ပြုပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်က အမြဲပဲ တိုက်တွန်းနေတဲ့ အချက်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရကို တောင်းဆိုနေပါတယ်။ လာမဲ့ မတ်လ ၂၅ ရက်နေ့မှာကျင်းပမဲ့ ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာ့မိတ်ဆွေများ အစည်းအဝေးမှာလည်း အတွင်းရေးမှူးချုပ်က ဒီကိစ္စကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ မစ္စ ဆုန်အာချွိုင်းက ပြောသွားခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် လူအများ လက်ခံယုံကြည်မဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ အခြေအနေ မရှိတဲ့အတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တဲ့စာကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီ မတ်လ ၂၂ ရက်စွဲနဲ့ တိုက်ရိုက်ပေးပို့ခဲ့ပါတယ်။

မြန်မာအတိုက်အခံ ဒီမိုကရေစီရေး အဖွဲ့ ၃ ဖွဲ့နည်းတူ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ ဂေါ်ဒွန် ဘရောင်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို စာရေးသား ပေးပို့ထားပါတယ်။