ဂျီနီဗာမြို့၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်။ ။ မြန်မာနိုင်ငံရှိ ပြည်နယ် (၃)ခုအား (၁၅)လ တာကြာအောင် စုံစမ်းစစ်ဆေးပြီး သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်းက ၎င်းတို့အဖွဲ့၏ စာမျက်နှာ (၄၄၀)ကျော်ရှည်သော မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံမှတဆင့် တွေ့ရှိချက်များကို အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ အပါအဝင်၊ မြန်မာနိုင်ငံ အစိုးရသို့လည်း ၎င်းအစီရင်ခံစာက အကြံပြုချက်များ ဒါဇင်ကျော်ကို တင်ပြခဲ့သည်။ မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ ထိပ်သီး စစ်တပ်အရာရှိများအား ဂျန်နိုဆိုက် (ခေါ် ) မျိုးနွယ်စုတစ်စုအား မျိုးဖြုတ်ခြင်း၊ လူသားတမျိုးနွယ်လုံး အပေါ် သက်ရောက်သည့် ရာဇဝတ်မှုများ နှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် လှုံ့ဆော်လိုက်သည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်းက ပြောခဲ့ပြီးသားဖြစ်သော မှတ်ချက်ကို ဤကဲ့သို့ ထပ်မံတိုက်တွန်းခြင်း ဖြစ်သည်။

“တပ်မတော်က ဥပဒေရဲ့ အထက်မှာ ရှိနေသ၍ ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး” ဟု အချက်အလက် ရှာဖွေရေး မစ်ရှင်း၏ ဥက္ကဌဖြစ်သူ မာဇူကီးဒါရူစမန်းက ပြောကြားလိုက်သည်။ “မြန်မာပြည်ကို ခေတ်မီ၊ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးလမ်းကြောင်းမှာ အဓိက အကြီးမားဆုံး အဟန့်အတားပေးနေတာ တပ်မတော်ပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ အခုလက်ရှိ ခေါင်းဆောင်ပိုင်းအားလုံးကို ဖယ်ရှားပြီး အစားထိုးဖို့လိုတယ်။ ပြီးပြည့်စုံတဲ့ ပြန်လည်ဖွဲ့စည်းမှုကိုလုပ်ပြီး၊ တပ်မတော်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ အပြည့်အဝထားရမယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လမ်းစဉ်က ဒီအချက်အပေါ်မှာ မူတည် နေတယ်။”

(၂၀၁၈) ခုနှစ်၊ ဩဂုတ်လ၊ (၂၇)ရက်နေ့၌ အဓိကတွေ့ရှိချက်များအား တင်ပြထားသော အကျဉ်းချုပ် အစီရင်ခံစာကို ဖြန့်ချီခဲ့ပြီးနောက်၊ ယနေ့တွင် မစ်ရှင်းမှ အစီရင်ခံစာအပြည့်အစုံကို ထုတ်ပြန်လိုက်သည်။ ၎င်း၏ ကျယ်ကျယ်ပြန့်ပြန့် အတိုင်းအတာသည် ကုလသမဂ္ဂ စာတမ်းများအနက် မကြုံစဖူးဖြစ်သည်။  ဤအစီရင်ခံစာ အပြည့်အစုံတွင် မြန်မာ့တပ်မတော်၏ နိုင်ငံတဝန်း ထင်ထင်ရှားရှား ကျုးလွန်မှုပုံစံများကို အတည်ပြုခဲ့ပြီး၊ အကြံပြုချက်များကို ဥပဒေဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်များပေါ် ‌အခြေခံ၍ ပြုခဲ့သည်။

အဖွဲ့ဝင်သုံးဦးပါဝင်သော အချက်အလက်ရှာဖွေရေးမစ်ရှင်းက ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို အင်္ဂါနေ့ မနက်ပိုင်းတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြမည်ဖြစ်သည်။

အယောက်ပေါင်း (၈၇၅) ဦးကျော်အား နိုင်ငံပေါင်း (၅)နိုင်ငံ၌ ခြေခြေမြစ်မြစ် လူတွေ့မေးမြန်းခဲ့ခြင်းများအပေါ် အခြေခံပြီး ဤအစီရင်ခံစာကို ပြုစုခဲ့သည်။ တပ်မတော်စစ်ဆင်ရေးများ၏ ထူးခြားသိသာသည့် လက္ခဏာ‌တစ်ရပ်အနေနှင့် မိမိ၏ တိုင်းသူပြည်သားများ အပေါ်သို့ အကြမ်းဖက် လုပ်နည်းလုပ်ဟန်များကို အစီရင်ခံစာ တွင် ခရေစေ့တွင်းကျ ဖော်ပြထားသည်။ တပ်မတော်၏ စစ်ဆင်ရေးများနှင့် အပြုအမူတို့သည် စုံစမ်းစစ်ဆေး ခဲ့သော ပြည်နယ်(၃)ခု တဝန်းလုံးတွင် ဆင်တူဖြစ်နေခြင်းကို မစ်ရှင်းမှ တအံ့တဩ တွေ့ရှိခဲ့သည်။

“တပ်မတော်သည် ၎င်း၏ စစ်ဆင်ရေးများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင်၊ အရပ်သား များကို စနစ်တကျ ပစ်မှတ်ထားလေ့ရှိပြီး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ကာ၊ လူနည်းစုအုပ်စု များအား ဖယ်ထုတ်လိုသော၊ ခွဲခြားနှိမ့်ချဆက်ဆံလိုသော ရည်ရွယ်ချက်တို့ဖြင့် ပြောဆိုမှုများကို ပြောဆို အားပေးခဲ့ ရုံသာမက၊ မိမိတို့၏ စစ်သားများအား အမြဲတမ်း ပြစ်ဒဏ်မှကင်းလွတ်နေစေသော အခြေအနေ ရောက်အောင် ဖန်တီးခဲ့သည်” ဟု မာဇူကီးဒါရူစမန်းက ဆိုသည်။ “ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ စပ်လျဉ်းပြီး၊ ဒီနေ့ထုတ်လိုက်တဲ့ တွေ့ရှိချက် အပြည့်အစုံကို ကြည့်မယ်ဆိုရင် နားလည်နိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်တုန်းက ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်မပေးဘဲ လွှတ်ထားလို့ မရတော့ဘူးလို့ ကျွန်တော်တို့က တိုက်တွန်းခဲ့တာပါ။ ဘာဖြစ်လို့ ထိပ်သီး ဗိုလ်ချုပ်ကြီးတွေကို ရခိုင်ပြည်နယ် မှာ ကျူးလွန်ခဲ့တဲ့ ဂျန်နိုဆိုက် (ခေါ် ) မျိုးနွယ်စုတစ်စုအား မျိုးဖြုတ်ခြင်းအတွက်  စုံစမ်းစစ်ဆေးပြီး တရားစွဲဆို ရန်လိုတယ် ဆိုတာကိုလဲ ဒီတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဒီအဆင့်ထိ အလွန်ဆိုးရွား ကြောက်မက် ဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေကို ဒီကိစ္စမတိုင်ခင်တုန်းက ကျွန်တော် မကြားသိခဲ့ဘူးသေးပါဘူး။”

(၂၀၁၇)ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့ မှစ၍ တပ်မတော်၏ “ရှင်းလင်းစစ်ဆင်ရေး”များက  ရိုဟင်ဂျာတို့အပေါ် အစွန်းရောက်စွာ အကြမ်းဖက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များကိုလည်း အစီရင်ခံစာတွင် အသေးစိတ်၊ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားသည်။ ထောင်ပေါင်းချီသော ရိုဟင်ဂျာအရပ်သားများအား တပ်မတော်က ဦးဆောင်၍ သတ်ဖြတ်ခဲ့ပုံကို ၎င်းက တစ်ချက်မှ မချန်ဘဲ၊ အသေးစိတ် မှတ်တမ်းတင်ထားသည်။ ထိုသို့အတူ၊ အစဖျောက်ခြင်းများ၊ ကြီးကြီးမားမား အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်းများ နှင့် ရွာပေါင်းရာချီစွာ မီးရှို့ခဲ့ကြပုံ တို့ကိုလည်း ရေးသားဖော်ပြထားသည်။

အကျူးလွန်ခံခဲ့ရသူများနှင့် မျက်မြင်သက်သေများ၏ တိုက်ရိုက်ပြောကြားချက် မြောက်မြားစွာ မှတဆင့်၊ “ရှင်းလင်းစစ်ဆင်ရေးများ”ကြား၌ ဖြစ်ပျက်ခဲ့သော အဆိုးရွားဆုံး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များ၏ ကြောက်မက်ဖွယ်ရာကောင်းလှသော အသေးစိတ် အဆင့်ဆင့်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုဖြစ်ရပ်များတွင် (ရိုဟင်ဂျာလို တူလာတိုလီဟု အသိများသော) မင်းကြီးရွာ၊ ချွတ်ပြင်ရွာ နှင့် မောင်နုရွာတို့ ပါဝင်ပြီး၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများ ဒါဇင်ကျော်၊ တစ်ခါတစ်လေတွင် ရာပေါင်းများစွာကျော် တို့အား တမင်သက်သက် ပစ်မှတ်ချ၍ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများကို ကြိုတင်စီစဉ်ထားသော စီမံကိန်းများအလိုက် ပြုလုပ်ခဲ့ကြသည်ဟု အစီရင်ခံစာက ဆိုသည်။

တပ်မတော်က ပုံစံတူ ချိုးဖောက်မှုများကို တခြားရွာပေါင်း မြောက်မြားစွာတွင်လည်း ကျူးလွန်ခဲ့ကြပုံကို အစီရင်ခံစာက အသေးစိတ် ထုတ်ဖော်ရေးသားထားသည်။ တပ်မတော်၏ “ရှင်းလင်းစစ်ဆင်ရေးများ”ကို စုစုပေါင်း (၅၃)နေရာတွင် ပြုလုပ်ခဲ့ကြကြောင်း မစ်ရှင်းက အကိုက်အညီ အတည်ပြုနိုင်ခဲ့သည်။ တခြား စစ်ဆင်ရေးများ (၂၂)နေရာတွင် ဆက်လက်၍ ဖြစ်ပျက်ခဲ့ကြောင်း တိုက်ရိုက်ပြောကြားချက်များမှတဆင့် ကြားသိခဲ့ရသည်။

“(၂၀၁၇)ခုနှစ်၊ ဩဂုတ်လ စစ်ဆင်ရေးများကြား ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို မခွဲမခြားသတ်ဖြတ်ခဲ့ခြင်းများ အပါအဝင်၊ ၎င်းတို့အပေါ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ပြုလုပ်ခဲ့ပုံတွေက စစ်ရာဇဝတ်မှုတွေ၊ လူသားတမျိုးနွယ်လုံး အပေါ် သက်ရောက်တဲ့ ရာဇဝတ်မှုတွေ အတိုင်းအတာအထိ ရောက်ခဲ့တယ်”ဟု မစ်ရှင်း၏ နောက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဒီကာကူမရာဆွာမိက ဆိုသည်။ “ဒီရာဇဝတ်မှုတွေ ကိုယ်တိုင်ရော၊ သူတို့ကို ကျူးလွန်ခဲ့တဲ့ ပုံစံတွေရောက မျိုးဖြုတ်ရန် ရည်ရွယ်ချက်ရှိခဲ့တယ်လို့ တရားခုံရုံးက အတည်ပြုခဲ့ပြီးဖြစ်တဲ့ တခြား ပြစ်မှုတွေရဲ့ သဘောသဘာဝ၊ ဆိုးရွားမှု အနေအထားနှင့်  နယ်ပယ် အကျယ်အဝန်းတို့ အားလုံး ဆင်တူ နေတယ်” ဟု သူမက ထပ်မံ ပြောကြားခဲ့သည်။

မုဒိမ်းကျင့်မှုနှင့် တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား အကြီးအကျယ် ထိတ်လန့်ဖွယ်ရာ အတိုင်းအတာအထိ ပြုကျင့်ခဲ့ခြင်းကိုလည်း အစီရင်ခံစာက ထုတ်ဖော်လိုက်သည်။ ရာချီသော၊ ထောင်ချီ၍ပင် ရှိနိုင်သော ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းကလေးများအား လူမြင်သူမြင်နေရာများ၌ အပါအဝင်၊ အကြီးအကျယ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းတို့ကို ရက်စက်ကြမ်းကြုတ်စွာ ပြုလုပ်ခဲ့ကြသည်။ အကျုးလွန်ခံခဲ့ ရသူ အများအပြားတို့ကို မုဒိန်းကျင့်ပြီးနောက် ကိုယ်အင်္ဂါများ ဖြတ်တောက်ခဲ့ပြီး၊ သတ်ဖြတ်ခဲ့ကြသည်။ ဤအပြုအမူသည် စံတင်လောက်အောင် လေးနက်ဆိုးရွားသော ရှေ့နောက်အညီ စီစဉ်ထားပြီး၊ လုပ်သင့်သည်ကို ခွင့်ပြုထားသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ရပ်ဖြစ်သည်။ အစီရင်ခံစာမှ ကောက်ချက်ချလိုက်သည်မှာ “မုဒိမ်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့သည် တမင်တကာ ရည်ရွယ်သတ်မှတ်ထားသော မဟာဗျူဟာအရ အရပ်သား ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အလွန်အကျွံ ကြောက်စိတ်ဝင်စေရန် အကြမ်းဖက်ခြင်း သို့မဟုတ်၊ အပြစ်ပေးခြင်းဖြစ်ပြီး၊ စစ်နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့ကြသည်” ဟူ၍ဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖြစ်သူ ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့အား ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ အလွန်အကျွံ စိုးရိမ်ပူပန်နေလျက်ရှိကြောင်းကိုလည်း မစ်ရှင်း၏ ကျွမ်းကျင်ပညာရှင်များက တင်ပြလိုက်သည်။ “အင်ဒင်းကျေးရွာမှာ ရိုဟင်ဂျာအမျိုးသား (၁၀)ဦးကို တရားမဝင် သတ်ဖြတ်ခဲ့ပုံကို စုံစမ်းစစ်ဆေးပြီး၊ တရားဝင်အမှန်အကန် သတင်းထုတ်ပြန်ခဲ့တာ ဒီသတင်းထောက် နှစ်ယောက်ကပါ။ ဒီအင်ဒင်းကျေးရွာက အဖြစ်အပျက်ကို ကျွန်တော်တို့ အဖွဲ့ကလည်း သီးသန့်ကိုယ်တိုင်၊ လွတ်လွတ်လပ်လပ် စုံစမ်းပြီး၊ သူတို့ရဲ့ သတင်း ထုတ်ပြန်ချက်နဲ့ ကိုက်ညီကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။ “ရိုက်တာရဲ့ စုံစမ်းစစ်ဆေးချက်ကြောင့် ဒီကိစ္စက လူသိများခဲ့ရပေမဲ့လည်း၊ ဝမ်းနည်းဖို့ ကောင်းတာကတော့ အဲဒီ့ သတင်းက အင်ဒင်းမှာ အကြမ်းဖက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြခြင်းတို့ရဲ့ ရေခဲတောင်ထိပ်ဖြားလိုပဲ တကယ့် အဖြစ်အပျက်ထုထည်ကြီးရဲ့ တစ်စွန်းတစ်စပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ရဲ့ အစီရင်ခံစာမှာ တခြား ဖြစ်ရပ်တွေကိုလည်း အသေးစိတ် ဖော်ပြထားပါသေးတယ်။”

ဤအစီရင်ခံစာတွင် ဂြိုလ်တုမှ ရိုက်ကူးထားသောပုံရိပ်များ ပါဝင်သည်။ ထိုပုံရိပ်များမှ တဆင့်၊ ကျူးလွန်ခံရသူများနှင့် မျက်မြင်သက်သေများထံမှ ကြားသိခဲ့ရသော အချက်အလက်များနှင့် ကိုက်ညီမှုရှိမရှိ အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်းများ ပြုလုပ်ပြီး၊ ကိုက်ညီကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယမန်နှစ်တာ အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း တဝန်း အပြောင်းအလဲ ဖြစ်ခဲ့ပုံကို ထိုဂြိုလ်တုပုံရိပ်များက ဖော်ပြထားသည်။ ရိုဟင်ဂျာတို့ လူနေထူထပ်သော နေရာများရှိ ရွာပေါင်း (၃၉၂)ရွာ အားလုံးပေါက် ပြာကျသည်အထိ မီးရှို့ခံခဲ့ရခြင်းသည် ကျူးလွန်ခဲ့ကြသော ဖျက်ဆီးခြင်းတို့၏ ကြီးကြီးမားမား အတိုင်းအတာကို မငြင်းနိုင်အောင် သက်သေပြလျက်ရှိသည်။

တခြားဂြိုလ်တုပုံရိပ်များက မီးရှို့ခံခဲ့ရသည့် မြေဧရိယာ အကြီးအမား‌နေရာများအား ဆက်လက်၍  မြေထိုးစက်များဖြင့် ရှင်းလင်း ပြန့်ပြားစေခဲ့ပုံကို ဖော်ပြကြသည်။ “ဤသို့နည်းဖြင့် ရိုဟင်ဂျာ အသိုက်အဝန်း များ နေခဲ့ကြသော ရွာများအား ရုပ်ပုံမမှတ်မိနိုင်လောက်အောင် ပြုလုပ်ခဲ့ကြသည်။ အဆောက်အအုံများ၊ သစ်ပင်များနှင့် စိုက်ပျိုးခင်းများအားလုံး အစအနမကျန်အောင် လက်စဖျောက်ခဲ့ကြသည်” ဟု အစီရင်ခံစာက ဆိုသည်။ “ယခုလက်ရှိ၌၊ ရိုဟင်ဂျာအိမ်တန်းများ ရှိခဲ့သည့် မြေနေရာများတွင် လုံခြုံရေးတပ်ဖွဲ့များအတွက် ကင်းစခန်းများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် ရိုဟင်ဂျာမဟုတ်သော တခြား တိုင်းရင်းသား အုပ်စုများအတွက် စံပြရွာသစ်များအား တည်ဆောက်နေလျက်ရှိသည်။” ဤကဲ့သို့ အခြေအနေတွင် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များသည် လေးနက်စွာ သံသယရှိဖွယ်ကောင်းသည် ဟု အစီရင်ခံစာက သုံးသပ် လိုက်သည်။ “ယခုလက်ရှိမှာ ပြန်လည်လက်ခံရေးက မဖြစ်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

(၂၀၁၇)ခုနှစ်တွင် ရိုဟင်ဂျာတို့အပေါ် အစွန်းရောက် အကြမ်းဖက်ခဲ့ခြင်းနှင့် ၎င်းတို့အား အစုလိုက် အပြုံလိုက် မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် နှင်ထုတ်ခဲ့ခြင်းတို့သည် နောက်ခံအခြေအနေကို ထည့်သွင်း လေ့လာမှသာ သေသေချာချာ နားလည်နိုင်မည်ဟု အစီရင်ခံစာက ဆက်လက်ပြီး အသေးစိတ် သုံးသပ်လိုက်သည်။ ဤနောက်ခံအခြေအနေမှာ ဆယ်စုနှစ်ပေါင်းများစွာချီ၍ ရိုဟင်ဂျာများကို မွေးကင်းစမှ သေဆုံးချိန်အထိ တရားဝင် ဥပဒေများမှ တဆင့် ဖိနှိပ်ထားခြင်း နှင့် လူမျိုးခြား၊ ဘာသာခြားများဖြစ်သောကြောင့် ခွဲခြားနှိမ့်ချ ဆက်ဆံထားခြင်းတို့ ဖြစ်သည်။ ထိုကဲ့သို့ ဖိနှိပ်ချက်များတွင် တရားဝင်နေထိုင်ခွင့် နှင့် အမျိုးအုပ်စုအမည် ဖော်ထုတ်ခွင့် မရှိခြင်း၊ လွတ်လပ်စွာ ရွေ့လျားသွားလာခွင့်၊ အစားအစာ၊ အသက်မွေးဝမ်းကျောင်းလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပညာရေး စသည်တို့အား လက်လှမ်းမမီအောင် ကန့်သတ်ထားခြင်း၊ ကိုယ်ပိုင် ဘဝကို ထိခိုက်စေသော ကန့်သတ်ချက်များဖြစ်သည့် လက်ထပ်ထိမ်းမြားခွင့် နှင့် ကလေးမွေးဖွားခွင့်တို့ကို ပိတ်ပင်ထားခြင်းတို့ ဖြစ်ကြသည်။ (၂၀၁၂)ခုနှစ်တွင် ရိုဟင်ဂျာနှင့် ရခိုင်တို့ အကြား အကြမ်းဖက်မှုကိုလည်း၊ မောင်တော၊ စစ်တွေ နှင့် ကျောက်ဖြူမြို့နယ်တို့၌ ဖြစ်ပွားခဲ့သော ကိစ္စများကို အာရုံစိုက်၍၊ မစ်ရှင်းက ခြေခြေမြစ်မြစ် စုံစမ်းစစ်ဆေးခဲ့သည်။ ထိုအတွက် ကောက်ချက်ချလိုက်သည်မှာ (၂၀၁၂)တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် အာဏာပိုင်များက ပြောလေ့ရှိသော “လူ့အဖွဲ့အစည်းများအကြား” သက်သက် ဖြစ်ခဲ့ သော ပဋိပက္ခရိုးရိုး မဟုတ်ဘဲ၊ တပ်မတော်၊ မြန်မာ့ရဲတပ်ဖွဲ့၊ တခြားအစိုးရ အဖွဲ့အစည်းများ နှင့် အာဏာပိုင် အရာရှိ အမြောက်အမြားက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခဲ့သော အမုန်းပွားစေရန် တက်ကြွစွာ လှုံ့ဆော် မြေတောင်မြှောက်ပေးခဲ့ကြခြင်း တို့ကြောင့် ဖြစ်သည်။

ရခိုင်တိုင်းရင်းသား အသိုင်းအဝိုင်းအပေါ်တွင် တပ်မတော်က ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ခြင်းကိုလည်း မစ်ရှင်းက မှတ်တမ်းတင်ထားသည်။ ၎င်းချိုးဖောက်မှုများတွင်  ချွေးတပ်ဆွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူအသက်သတ်ဖြတ်ခြင်းများနှင့် ကိုယ်ပိုင်မြေမှ အတင်းအဓမ္မ နှင်ထုတ် ခြင်း တို့ပါဝင်သည်။ “ရခိုင်တိုင်းရင်းသား အသိုင်းအဝိုင်းအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတိမထားမိဘဲနဲ့ ဖြစ်ခဲ့တာတွေ အများအပြားရှိနေပါတယ်” ဟု ကျွမ်းကျင်ပညာရှင်များက မီးမောင်းထိုး ပြောကြားလိုက်သည်။ ရခိုင်တို့အပေါ် ကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများအတွက် ဆက်လက်စုံစမ်းရေးများ လုပ်ဆောင်ရန် မစ်ရှင်းက ခေါ်ဆိုလိုက်သည်။

၎င်းတို့၏ ချိုးဖောက်မှုများသည် တပ်မတော်၏ ချိုးဖောက်မှုများနှင့် နှိုင်းယှဉ်လျှင် မတိုင်းမဆ သေးငယ် လှသော်လည်း၊ အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (အာဆာ)နှင့် ကချင်နှင့် ရှမ်းပြည်နယ်များတွင် လှုပ်ရှားလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) မှ ချိုးဖောက်မှုများသည်လည်း မစ်ရှင်း၏ စုံစမ်းစစ်ဆေးချက်လက်အောက်မှ လွတ်မြောက်ခြင်းမရှိခဲ့ပေ။ အစီရင်ခံစာမှ သုံးသပ်လိုက်သည် မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မတရားသတ်ဖြတ်ခြင်းများ၊ တိုက်ပွဲများအတွင်းတွင် အရပ်သားများကို ကာကွယ်ရန် ကြိုတင်ဆောင်ရွက်ချက်များ ပျက်ကွက်ခဲ့ကြခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း၊ အတင်းအဓ္ဓမတပ်သား စုဆောင်းခြင်းနှင့် တခြားသော အလွဲသုံးစားမှုများ စသည်တို့ကို ကျူးလွန်ခဲ့ကြသည် ဟူ၍ ဖြစ်သည်။

နိုင်ငံတကာ၏ အာရုံစူးစိုက်မှုသည် ရခိုင်ပြည်နယ်ရှိ အခြေအနေအပေါ်တွင် အလွန်အကျွံ အချက်အချာကျ ခဲ့သော်လည်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ ဖြစ်သော ရှမ်းနှင့် ကချင်ပြည်နယ်များရှိ ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးရာမှ ထွက်ပေါ်လာသည့် တွေ့ရှိချက်များကိုလည်း အစီရင်ခံစာတွင် တင်ပြထားသည်။ (၂၀၁၁)ခုနှစ်မှစ၍ ကချင်နှင့်ရှမ်းပြည်နယ် နှစ်နေရာလုံးတွင် မြန်မာ့တပ်မတော်၏ အပြုအမူများသည် စစ်ရာဇဝတ်မှုများ နှင့် လူသားတမျိုးနွယ်လုံးအပေါ် သက်ရောက်သည့် ရာဇဝတ်မှုများ အရာရောက်ကြောင်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခများသည် အပြင်ပန်းအားဖြင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်သော်လည်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ အရပ်သားများသည် များသောအားဖြင့်၊ တပ်မတော်၏  ပြိုင်ဘက်များဖြစ်သော လက်နက်ကိုင်များနှင့် တိုင်းရင်းသားအုပ်စု တစ်စုတည်းမှ ဖြစ်သောကြောင့် ပစ်မှတ်ခံ ရသည်။ ဤကဲ့သို့ မြောက်ပိုင်းဒေသများရှိ တပ်မတော်၏ အပြုအမူဓလေ့စရိုက် ပုံစံကို အတိအကျ ဖြစ်ရပ်များအား စုံစမ်းစစ်ဆေးချက်များမှ တဆင့် မစ်ရှင်းက ဖော်ထုတ်နိုင်ခဲ့သည်။

“ရခိုင်ပြည်နယ်မှာလိုပဲ အသက်သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ အစဖျောက်ခြင်း၊ ချွေးတပ်ဆွဲခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ဆိုးရွားစွာ ဆက်ဆံခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုနဲ့ ဘာသာရေးအပေါ် မူတည်ပြီး လူမျိုးခြား၊ ဘာသာခြားများကို ခွဲခြား နှိမ့်ချဆက်ဆံခြင်းတို့ကို အရပ်သားတွေကို ပစ်မှတ်ထားပြီး ကျူးလွန်ခဲ့ကြတယ်” ဟု မစ်ရှင်း၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်သူ ခရစ္စတိုဖာ စီဒိုတီက ဆိုသည်။ “နှစ်ပေါင်းတာရှည် ဖြစ်နေခဲ့ပြီး၊ အမေ့ခံနေရတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေအပေါ် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုက ဒီနေ့အထိ သိပ်မရှိကြဘူး။ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ သေရေးရှင်ရေးဖြစ်နေတဲ့ အခြေအနေတွေကို  ကျွန်တော်တို့ရဲ့ အစီရင်ခံစာက တဆင့်  လူတွေပိုပြီး နားလည်သဘောပေါက် လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ အဲဒီ့နေရာတွေမှာ အခုအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ အရပ်သားတွေအပေါ် လေးလေးနက်နက် ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်အသစ်တွေ ထွက်နေဆဲ ဖြစ်လို့ ကျွန်တော်တို့က အလွန် စိုးရိမ်နေမိတယ်။”

လယ်မြေလုယူခြင်း၊ အရပ်သားများ၏ အိုးအိမ်စည်းစိမ်များအား ဖျက်ဆီးခြင်းတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်နေကျပုံစံများ ဖြစ်ကြောင်း အစီရင်ခံစာက မှတ်သားထားသည်။ ကချင်နှင့် ရှမ်းပြည်နယ် တို့တွင် ထောင်သောင်းချီသော အရပ်သားများသည် နေရပ်စွန့်ခွာခဲ့ရပြီး၊ အများစုသည် IDPစခန်းများတွင် ဆိုးဆိုးရွားရွား ‌အခြေအနေနှင့် ဆက်လက်နေထိုင်နေကြရသည်။

မြန်မာနိုင်ငံတွင် အများပြည်သူထံ ကြေညာချက်များ၊ ဘာသာရေးသင်ခန်းစာများ၊ သမရိုးကျ စာနယ်ဇင်း မီဒီယာများ နှင့် ဖေ့စ်ဘွတ် အပါအဝင် ဆိုရှယ်မီဒီယာများ စသည်တို့မှ တဆင့် အမုန်းစကားများ ကြီးစိုး ပျံ့နှံ့နေခြင်းတို့ကိုလည်း အစီရင်ခံစာက လေ့လာစုံစမ်းခဲ့သည်။ “မြန်မာအာဏာပိုင်များက အမုန်း‌တရား ဟောကြားသူများကို အတင့်ရဲစေပြီး၊ သည်းခံမှုရှိရေးနှင့် လူ့အခွင့်‌အရေးပြန့်ပွားရေးတို့အပေါ် ရပ်တည်သူ များကို နှုတ်ဆိတ်စေခဲ့သည်” ဟု အစီရင်ခံစာက မှတ်ချက်ချလိုက်သည်။ အစွန်းရောက် အမုန်းစကားများ ထွန်းကားစေသော အခြေအနေရောက်အောင် ဖန်တီးခြင်းဖြင့်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား တရားဝင်ဖြစ်စေပြီး၊ ခွဲခြားနှိမ့်ချဆက်ဆံရေးနှင့် အကြမ်းဖက်ရေး လှုံ့ဆော်ချက်များ လွယ်ကူချောမောစွာ ပျံ့ပွားစေခဲ့ကြသည်။

တပ်မတော်သည် အပြည့်အဝ ပြစ်ဒဏ်မှ ကင်းလွတ်နေပြီး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို မကြာခဏ တစ်သမတ်တည်း ချိုးဖောက်နေခြင်းအတွက် မည်သည့်အခါမှ တာဝန်ယူ အပြစ်ခံရခြင်း မရှိခဲ့ပါ ဟု အစီရင်ခံစာက နောက်ဆုံးအနေနှင့် ကောက်ချက်ချလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC)သို့ ရုံးတင်ခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတစ်ခု လက်တန်း ဖွဲ့စည်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ရန် အစီရင်ခံစာက ခေါ်ဆိုလိုက်သည်။ ထို့အပြင်၊ အများဆုံး တာဝန်ရှိသည်ဟု ထင်ရသူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများအား အသုံးမပြုနိုင်ရန် ပိတ်ဆို့ခြင်းတို့ အပါအဝင်၊ ကျူးလွန်ခဲ့သူ ပုဂ္ဂိုလ်တစ်ဦးစီ ကို ပစ်မှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကိုလည်း ချမှတ်ရန် ဖိတ်ခေါ်သည်။ ဆက်လက်၍ မြန်မာ နိုင်ငံအား လက်နက်ရောင်းချမှုကိုလည်း တရားဝင် ပိတ်ဆို့သင့်ကြောင်း ကြေငြာလိုက်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင်၊ အထက်ဗိုလ်မှူးကြီး (၆)ဦးကို အစီရင်ခံစာက အမည်ဖော်ထားသည်။ မဖြန့်ချီထားသော တခြား ကျူးလွန်သူများပါသည့် အမည်စာရင်းကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအား ပေးအပ်ထားမည် ဖြစ်ပြီး၊ ၎င်းမှတဆင့် တာဝန်ယူအပြစ်ခံမှု ရှိစေရန် ကြိုးပမ်းဆောင်ရွက်မည့် အရည်အချင်း ပြည့်မီပြီး၊ ယုံကြည်ထိုက်သော မည်သည့်အဖွဲ့အစည်း နှင့် မဆို မျှဝေပေးမည်ဖြစ်သည်။

“ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်စစ်စစ်က မြန်မာပြည်ကဲ့သို့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အတွက်ပါပဲ” ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်လိုက်သည်။ အဖွဲ့အစည်းအသီးသီး အနေနှင့် ၎င်းတို့၏ အရေးပါသော လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ဆက်လက် လှုပ်ရှားရန် မရှိမဖြစ်လိုအပ်ကြောင်း အရေးပေး ပြောကြားခဲ့သည်။ “ကုလသမဂ္ဂရဲ့ အရည်အချင်း ပြည့်ဝတဲ့ အစိတ်အပိုင်းများနဲ့ အေဂျင်စီတွေကို လုပ်ဆောင်ချက်တွေ တိုးမြှင့်လိုက်ဖို့၊ အရေးတကြီးအနေနဲ့ လူ့အခွင့်အရေး အခြေခံမူများနဲ့ အညီ လှုပ်ရှားကြ ပါလို့ တိုက်တွန်းချင်ပါတယ်။”

“နိုင်ငံတကာ အသိုက်အဝန်းက ပျက်ကွက် ကျရှုံးခဲ့ပါတယ်၊ နောက်ထပ် ထပ်ပြီး၊ မြန်မာပြည်သားတွေကို ပျက်ကွက် ကျရှုံးတာ မ‌ဖြစ်ပါစေနဲ့တော့လို့ ကိုယ်တို့ အချင်းချင်း အခု သန္နိဋ္ဌာန်ချလိုက်ရအောင်” ဟု ၎င်းတို့က ထည့်သွင်းပြောကြားလိုက်သည်။

အပြီးသတ်။ ။

 

  • ဗီဒီယိုများ၊ စလိုက်ရှိုးများ၊ ဂြိုလ်တုပုံရိပ်များ၊ ခွဲခြမ်းစိတ်ဖြာချက်များ နှင့် စာစောင်များ ပါဝင်သော မီဒီယာကဏ္ဍကို ffmmyanmar.org တွင် ကြည့်ရှုနိုင်သည်။
  • အကျဉ်းချုပ် အစီရင်ခံစာ (A/HRC/39/64) ကို အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးစလုံးနှင့် ဖတ်ရှုနိုင်သည်။

UNHRC