ဘန်ကီမွန်းနှင့် စစ်အုပ်စု ခေါင်းဆောင်များ တွေ့ဆုံစဉ်(RFA) မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဖို့ ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း ရေးသားလိုက်တဲ့စာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း မတ်လ ၁၇ ရက် မနေ့က လက်ခံ ရှိခဲ့ပြီး၊ မတ်လ ၂၅ ရက် လာမဲ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံအရေး ဆွေးနွေးဖို့ ရှိတယ်လို့ မစ္စတာ ဘန်ကီးမွန်းရဲ့ ပြောခွင့်ရအမျိုးသမီး Choi Soung-ah က RFA ကို မနေ့က အတည်ပြု ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ စာကို လက်ခံရရှိထားပြီ ဖြစ်ပြီး၊ မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံအရေးကိစ္စအတွက် ကုလသမဂ္ဂမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှာဖြစ်တယ်လို့ ပြောသွားတာပါ။

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တင်းကျပ်ပြီး၊ တရားမျှတမှု ကင်းမဲ့တဲ့ အတွက် ဒီကိစ္စကို ကုလသမဂ္ဂရုံးချုပ်မှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူ ဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံကို ပြီးခဲ့တဲ့ ရက်ပိုင်းက စာရေးသားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စကို လုံခြုံရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးနိုင်ခြေ ရှိ၊ မရှိ ကိစ္စနဲ့ ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောခွင့်ရအမျိုးသမီးက ဖြေကြားမှု မရှိပေမဲ့ စစ်အစိုးရလုပ်မဲ့ ရွေးကောက်ပွဲဟာ ပါဝင်သင့်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအားလုံး ပါဝင်မှုရှိမှ တရားဝင်ရွေးကောက်ပွဲ ဖြစ်နိုင်မယ်ဆိုပြီး မစ္စတာဘန်ကီမွန်းက ဆက်လက်တိုက်တွန်းနေဆဲ ဖြစ်ကြောင်း ပြောခွင့်ရအမျိုးသမီး Choi Soung-ah က ပြောပါတယ်။

နိုင်ငံတကာက လက်ခံယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ မြန်မာပြည်သူအားလုံး ဒီရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရှိဖို့ လိုအပ်တယ်ဆိုတာ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂ ရုံးချုပ်မှာ မတ်လ ၁၆ ရက် အင်္ဂါနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်း ထပ်မံတိုက်တွန်းခဲ့တယ်လို့ ပြောသွားပါတယ်။

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုနေမှု ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ဖို့ မြန်မာမိတ်ဆွေ နိုင်ငံများဆိုပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့မှာ အမေရိကန်၊ ဗြိတိန်စတဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေ ပါဝင်သလို တရုတ်၊ ရုရှားစတဲ့ စစ်အစိုးရဖက်က အမြဲရပ်တည်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်ဒဏ်ခတ်မှု မလုပ်နိုင်အောင် ဗီတိုအာဏာသုံး ကာကွယ်ပေးတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက လောလောဆယ် တိုက်တွန်းနေတာကို ကောင်စီအဖွဲ့ဝင် နိုင်ငံအတော်များများက စိတ်ဝင်စားနေကြပြီး၊ ဒီကိစ္စမှာ အမြဲစိတ်လက်မပါတဲ့ တရုတ်နိုင်ငံနဲ့တော့ ညှိနှိုင်းနေဆဲပဲလို့ ကုလသမဂ္ဂ ဆိုင်ရာ အနောက်တိုင်း သံတမန်တဦးက ပြောပါတယ်။