(Thomas Ojea QuintanaVOA) မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူ တယောက်က တောင်းဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံမှာ အခြေခံ လွတ်လပ်မှုတွေကို စနစ်တကျ တိုးပြီး ချိုးဖောက်နေတဲ့ ပုံစံကို တွေ့မြင်နေရတယ်လို့  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea ြှuintana) က ပြောလိုက်တာ ဖြစ်ပါတယ်။

စစ်အစိုးရ အာဏာပိုင်တွေ၊ စစ်တပ် အရာရှိတွေ၊ ဥပဒေရေးရာ တာဝန်ရှိသူတွေရဲ့ မူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြတဲ့ အစီရင်ခံစာထဲမှာ မစ်စတာ ကင်တားနားက ရေးသား ဖော်ပြထားပါတယ်။

သူ စဉျဆက်မပြတ် ရရှိတဲ့ မှတ်တမ်းတွေအရ တချို့ ကျူးလွန်ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု မြောက်တယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက သတ်မှတ်ကောင်း သတ်မှတ်နိုင်တယ်လို့ မစ်စတာ ကင်တားနားက ပြောပါတယ်။

သူသိရတဲ့ မှတ်တမ်းတွေထဲမှာ ကလေးစစ်သားအဖြစ် စုဆောင်းတာအပြင် အခြေခံ အခွင့်အရေးတွေဖြစ်တဲ့ စားရေရိက်ခာ ရရှိမှု၊ နေမှုထိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေကို အာဏာပိုင်တွေက ပိတ်ပင်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက လူနည်းစု မွတ်ဆလင်တွေအပေါ် စစ်အစိုးရက ဖိနှိပ်ဆက်ဆံနေတဲ့ အပေါ်မှာလည်း စိုးရိမ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြခဲ့ပါတယ်။