(မဇ္ဈိမ) ။ ။ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ယနေ့ (ဇွန် ၅) ကျင်းပသည့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ညီလာခံတွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ညီလာခံတွင် တရုတ်၊ ရုရှား၊ လာအိုနှင့် ဘယ်လာရုစ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း အများသဘောတူဆုံးဖြတ်ချက်ဖြင့် အတည်ပြု ဆုံးဖြတ်ချက် ကျသွားခြင်းဖြစ်ကြောင်း ညီလာခံတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဉက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။
“ဒီကောင်တွေ (စစ်ကောင်စီ) ရွေးကောက်ပွဲမလုပ်ခင်တော့ ပုံသဏ္ဍာန်ပေါ်အောင် ကျွန်တော်တို့ တော်တော်ကြိုးစားပါမယ်လို့။ ရွေးကောက်ပွဲမတိုင်ခင်မှာ သူတို့ကို အခုလိုပဲ သူတို့ကိုထောက်ခံတဲ့ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ လာအိုတို့လောက်ပဲကျန်အောင်တော့ ကျွန်တော်တို့ ဝိုင်းပြီးတော့ အလုပ်လုပ်ကြပါမယ်လို့ ကျွန်တော်ပြောချင်တာပေါ့” ဟု ဦးမောင်မောင်က ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားတပ်ပေါင်းစုနှင့် အလုပ်ရှင်အဖွဲ့တို့ သုံးပွင့်ဆိုင်အစည်းအဝေးလုပ်ပြီး လုပ်ငန်းကော်မတီတခု ဖော်ထုတ်ရန်ရှိကာ စစ်ကောင်စီနှင့် ဆက်လက်အလုပ်လုပ်နေသူများကို အချက်အလက်ပြုစုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“သူတို့အခုအခေါ်အဝေါ်ကတော့ Smart Sanctions ပေါ့ဗျာ။ သို့သော် ကျွန်တော်တို့ကတော့ အဲ့ဒီလိုလည်းမပြောပါဘူး။ လိုအပ်တဲ့လူပေါ့နော်။ ဉပမာ သူတို့ရဲ့ ကုမ္ပဏီအကြီးကြီးတွေ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူ ကျွန်တော်တို့ သုတေသနလုပ်ရပါတယ်။ လုပ်ပြီးတဲ့နောက်မှာ သေချာမှ အဲ့ဒီကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတွေကို မလုပ်ပါနဲ့လို့ ပြောရမယ့်
လုပ်ငန်းပါ” ဟုလည်း CTUM ဉက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအနေဖြင့် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများအပါအဝင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် (၈၇) နှင့် အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေးဆိုင်ရာ ပြဌာန်းချက်အမှတ် (၂၉)တို့ကို ထင်ရှားစွာချိုးဖောက်နေသည့်အတွက် ILO ပုဒ်မ ၃၃ အရ အရေးယူဆောင်ရွက် ညွှန်ကြားချက်ကို ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလတွင် ILO အုပ်ချုပ်ရေးအဖွဲ့ (GB)က ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအား ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်တုန်းကလည်း အဆိုပါ ပုဒ်မ ၃၃ အရ အရေးယူမှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ဖူးသည်။
စစ်ကောင်စီအနေဖြင့်လည်း ထိုသို့ ILO ပုဒ်မ ၃၃ ဖြင့် အရေးယူခံရမည့်အရေးကို စိုးရိမ်မှုရှိခဲ့သည်။
ယင်းကြောင့် အရေးယူမည့်ဆုံးဖြတ်ချက် တစုံတရာမချမှတ်နိုင်ရန် စစ်ကောင်စီ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရမည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးချစ်ဆွေက ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြောဆိုခဲ့ဖူးသည်။
ထို့ပြင် ILO ၏ အရေးယူခြင်းခံရပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရုပ်သိမ်းခြင်း၊ ရပ်ဆိုင်းခြင်း၊ ပို့ကုန်ဆိုင်ရာအခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရခြင်းများ ကြုံတွေ့နိုင်ကြောင်း ဦးချစ်ဆွေက ဆိုခဲ့သည်။
စာတည်း။ ။ နောင်နောင်