စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ညွှန်ကြားတာနဲ့ ကျူးလွန်ရာမှာပါဝင်ခဲ့သူတွေကို အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းထုတ်လိုက်တာဟာ တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ BROUK ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ တရားရေး ကိုယ်စားမှုပြု နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK )က ဖွင့်ခဲ့တာပါ။
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကလည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်း ဝရမ်းထုတ်ရေးစိစစ်နေဆဲကာလမှာ အခုလို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လာတာပါ။
ဒါဟာ ICC ဖမ်းဝရမ်း ထုတ်ပေးရေးတောင်းဆိုမှုအတွက် အားဖြည့်လိုက်တာဖြစ်တယ်လို့ BROUK က ဆိုပါတယ်။