အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအကူအညီတွေကို ရုတ်တရက်ဆိုင်းငံ့လိုက်တာဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအဝင် ပဋိပက္ခဒေသတွေက အရပ်သားတွေနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့သူတွေအားလုံးရဲ့ လူ့အခွင့်အရေးအခြေအနေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေကြောင်း Amnesty International အဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“အမေရိကန်နိုင်ငံကနေ နိုင်ငံခြားအကူအညီပေးနေတဲ့ လုပ်ငန်းတွေကို ချက်ချင်းရပ်တန့်ဖို့ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ မြန်ဆန်ပြီး ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြန်မာပြည်သူတွေအတွက် အမှောင်မိုက်ဆုံးအချိန်မှာ ထိခိုက်မှုတွေ ဖြစ်စေပါတယ်”လို့ AI အဖွဲ့ရဲ့ မြန်မာ့အရေး သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံး ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ ဒါမှမဟုတ် အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီတွေကို ခြွင်းချက်အဖြစ် ချက်ချင်းခွင့်ပြုပြီး၊ မြေပြင်မှာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပေးတာမျိုး မလုပ်ရင် အသက်ဆုံးရှုံးတဲ့အထိ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း AI အဖွဲ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ဝ ရက်နေ့က သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံက ပေးနေတဲ့ နိုင်ငံခြားအကူအညီအားလုံးကို ရက် ၉ဝ ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး အဲဒီနောက်ပိုင်းမှာတော့ အသက်ကယ်ဆယ်ရေး လူသားချင်းစာနာမှုအကူအညီတွေကို ချွင်းချက်အနေနဲ့ ခွင့်ပြုထားဖို့ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ AI အဖွဲ့ရဲ့သုတေသနတွေ့ရှိချက်တွေအရ ဒီလိုခြွင်းချက်ပေးမဲ့ အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က အကူအညီပေးရေးအဖွဲ့တွေအတွက် ခွင့်ပြုပေးတာ မတွေ့ရသေးဘူးလို့ AI ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်က AI အဖွဲ့က သုတေသီတွေဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နယ်စပ်ဖြတ်ကျော်အကူအညီပေးနေတဲ့ အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေ အပါအဝင် အဖွဲ့ ၁၄ ဖွဲ့က တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပြောဆိုရာမှာ အခုအချိန်အထိ သူတို့လုပ်ငန်းတွေ ဆက်လုပ်ခွင့်ပေးတဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာ အမေရိကန်အစိုးရဆီက မရသေးတဲ့အကြောင်း ပြောကြပြီး အကူအညီတွေ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်တာ ဒါမှမဟုတ် ပြင်ဆင်တာ မလုပ်ရင် ဆိုးဝါးပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့တဲ့အကြောင်း AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံက ပေးအပ်တဲ့အကူအညီတွေ ရပ်တန့်သွားတာဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းကိုးခုမှာ နေထိုင်တဲ့ လူတစ်သိန်းကျော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေရဲ့ ပြောဆိုချက်အရ ဆေးရုံကပေးတဲ့ အောက်စီဂျင်မရတော့လို့ သေဆုံးသွားရတဲ့ လူနာ လေးဦးအထိ ရှိသွားပြီလို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အကူအညီပေးနေတဲ့ Thai Border Consortium (TBC) အတွက် ရန်ပုံငွေ ၆ဝ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံက ပေးအပ်နေတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Amnesty International အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနကို RFA က အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းရာမှာ…နိုင်ငံတကာအကူအညီတွေအပေါ် အမေရိကန်အကျိုးစီးပွားနဲ့ ကိုက်ညီမှု ရှိ မရှိ ပြန်လည်သုံးသပ်နေတဲ့ကာလအတွင်း ကင်းလွတ်ခွင့်ရတဲ့လုပ်ငန်းတွေကလွဲပြီး အကူအညီအားလုံးကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်းနဲ့ အသက်ကယ်ဆယ်ရေးလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုထားကြောင်း စာနဲ့ အကြောင်းပြန်ပါတယ်။

(မှတ်ချက်။ ။ ဤသတင်းတွင် အမေရိကန်နိုင်ငံခြားရေးဌာန တုံ့ပြန်ချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်)

RFA Burmese