၂၀၂၄ ခုနှစ်၊ မတ်လ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ် ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးအကျဉ်းထောင်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ရဲစခန်းနှင့် မကွေးထောင်တို့တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသား များကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ နေရာ ဒေသ အနှံ့တွင် စစ်အာဏာရှင်တပ်သားများ နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများက စစ်မှုထမ်းရန် အတွက် သတ်မှတ် အသက်ပြည့် သူများကို အတင်းအဓမ္မ ဖိအားပေးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ကာ စည်းရုံး သိမ်းသွင်း မှုများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၆၀)ကျော် သေဆုံးခဲ့ပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ် က ရိုဟင်ဂျာများကို ရခိုင့်တပ်တော် (Arakan Army – AA) အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဖိအားပေး စေခိုင်း မှုများ ပြုလုပ်ခဲ့သည်။