ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မတ်လ ၂၅ ရက်က ပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လူနှစ်သောင်းခန့်အတွက် ဆန်၊ ရိက္ခာခြောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အပါအဝင် ကယ်ဆယ်ရေးအိတ် လေးထောင်ကျော်ကို မြဝတီခရိုင် မြန်မာကြက်ခြေနီအဖွဲ့ဆီ လွှဲပေးခဲ့တာပါ။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေပေါင်းပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ အဲဒီနောက် ထိုင်းဘက်က အကူအညီပေးရေးလုပ်ငန်းတွေ စတင်လာတာဖြစ်ပါတယ်။

ဒီအကူအညီတွေကို ကရင်ပြည်နယ်အတွင်း စတင် ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) ကလည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ ကူညီသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး ရှိပါတယ်။

RFA Burmese