၂၀၂၄ ခုနှစ်၊ မတ်လ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ကရင်ပြည်နယ် မြဝတီမြို့တွင် အင်တာနက်နှင့်ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက် ခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ သက်ကြီးရွယ်အို (၃) ဦး မီးလောင် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က ရန်ကုန်တိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် စစ်မှုထမ်းရန်အတွက် နာမည်နှင့် တကွ ဆင့်ခေါ်ခြင်းများ စတင် ဆောင်ရွက်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၇၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ် က စစ်မှုထမ်းရန်အတွက် ရိုဟင်ဂျာများကို အတင်းအဓမ္မခေါ်ဆောင်သွားပြီးနောက် (၉၇)ဦး သေဆုံးခဲ့ကြောင်း ပြန်လည် အကြောင်း ကြားခဲ့သည်။