ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နဲ့ မိုင် ၂၀ ခန့်အကွာ၊ လူနေရပ်ရွာတွေနဲ့ ဝေးကွာတဲ့ ပဲခူးရိုးမ တောင်ခြေမှာ တည်ဆောက်ထားတဲ့ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ၂၀၂၃ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်နီးပါးအတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအထိရှိနေပါတယ်။ ဒီနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး ဆက်တိုက် သေဆုံးခဲ့တာပါ။

သေဆုံးသူနှစ်ဦးဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးနဲ့ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်းတို့ဖြစ်ပြီး သူတို့ဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀မရလို့ သေဆုံးခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဦးခင်စိုးဟာ သားဖြစ်သူကို ဖမ်းမမိလို့ စစ်ကောင်စီတပ်က သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“၂၀၂၃ နဲ့ ၂၀၂၄ အတွင်းမှာ အဆိုးဆုံးထောင်ကို ညွှန်ပြပါဆိုရင်တော့ နံပါတ် ၁ နေရာမှာ ချိတ်လာတာတော့ ဒိုက်ဦးအကျဉ်းထောင် ဖြစ်တယ်ပေါ့နော်”

ဦးခင်စိုး ကျန်းမာရေးဆိုးရွားနေတယ်ဆိုတာကို ကြိုတင်သတင်းကြားသိခဲ့ရပေမယ့် သူ့အတွက်ကူညီခွင့်မရဘဲ သေဆုံးသွားရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကျန်းမာရေးဆိုးရွားတယ်ဆိုတာကိုသိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာမှလည်း လုပ်ပေးလို့မရဘူး။ ဆေးကုသခွင့်ခံယူလို့မရဘူးဗျာ။ မရတဲ့အချိန်မှာ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ပြောတယ်။ သတင်းဌာနကနေ ဒီလိုမျိုးပြောကြည့်ပါလားလို့ ဆိုပြီးတော့ အဲဒီလိုပြောလိုက်ရင် ကျန်တဲ့မိသားစုကို ဒုက္ခပေးမှာစိုးလို့ ကျွန်တော်တို့မှာ ရေငုံနှုတ်ပိတ်နေခဲ့ရတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ဦးအေးဝင်းကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မ နှစ်ခုနဲ့ ဒိုက်ဦးထောင်မှာ ထောင်ဒဏ် ရှစ်နှစ် ကျခံနေရတာပါ။

ဒိုက်ဦးအကျဉ်းထောင်မှာပဲ အကျဉ်းကျနေစဉ် သေဆုံးသူတွေထဲမှာ ပဲခူးတိုင်း ဝေါမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဒီလည်း ပါပါတယ်။

အသက် ၇၂ နှစ်အရွယ် ဦးမောင်ဒီဟာ ဖမ်းဆီးအကျဉ်းချခံထားရစဉ် အူမကြီးကင်ဆာရောဂါဝေဒနာကို ခံစားရပြီး လုံလောက်တဲ့ဆေးကုသခွင့်တွေ အချိန်မီမရခဲ့ဘူးလို့ ဦးမောင်ဒီရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုမောင်ဒီက ပုဒ်မနှစ်ခုနဲ့ ထောင်ကျတယ်။ နောက်ပုဒ်မကို အမှုရင်ဆိုင်နေတဲ့အချိန်မှာပဲ ထောင်ထဲမှာ အူမကြီးကင်ဆာလို့ပြောတယ်။ သူ့မိသားစုတွေကတော့ အကုန်လုံးအမျိုးတွေကစ ပြေးနေရတာ။ ဘာလို့ဆိုတော့ အကုန်လုံးဖမ်းတာကိုး။ အကုန်လုံးလိုက်ဖမ်းတဲ့အခါကျတော့ မိသားစုတွေရော၊ အမျိုးတွေရော အိမ်ပါ ချိပ်ပိတ်ထားတယ်လေ။ အကုန်လုံး ကစဉ့်ကလျားတွေပြေး အကုန်လုံးဒုက္ခရောက်ကြတယ်”

ဦးမောင်ဒီဟာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး သူမဆုံးခင် တစ်ရက်အလို ဇူလိုင် ၁၆ ရက်နေ့ကတော့ နိုင်ငံရေးအကျဉ်းသား ကိုအောင်စိုးမိုး (ခ) ကိုမဲလုံးဟာ ဒိုက်ဦးအကျဉ်းထောင်တွင်းမှာပဲ လုံလောက်တဲ့ဆေးကုသခွင့်တွေမရဘဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ဟာ အကျဉ်းသားတစ်ထောင်ခန့်ကို ထားနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ ဗဟိုအဆင့် အကျဉ်းထောင်တစ်ခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ အကျဉ်းသား တစ်ရာခန့်ကို စတင်ပြောင်းရွှေ့ခဲ့တဲ့ အကျဉ်းထောင်သစ်တစ်ခုလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ထောင်အာဏာပိုင်တွေက ကျန်းမာရေးအတွက် ဆေးဝါးတွေသွင်းခွင့်မပေးတာ၊ ထောင်ဆေးရုံကလည်း ရှိတဲ့ဆေးဝါးကို အလုံအလောက်ထုတ်မပေးဘဲ အကျဉ်းသားတွေကို ဖိနှိပ်ခဲ့တယ်လို့ အဲဒီအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ခါးအာက်ပိုင်းချည့်သွားတာကြောင့် ထောင်ပြင်ပဆေးရုံမှာ ဆေးကုခွင့်တောင်းခဲ့ပေမယ့် ထောင်အာဏာပိုင် တွေက ခွင့်မပြုခဲ့လို့ ထောင်ဆေးရုံမှာပဲ ငါးလကြာဆေးကုသခဲ့ရတယ်လို့ ဒိုက်ဦးအကျဉ်းထောင်က ပြန်လည် လွတ်မြောက် လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့တင်ပြတဲ့အခါမှာလည်း အပြင်ကိုဆေးကုသခွင့်မပေးတာရှိတယ်။ ကျွန်တော်ကိုယ်တိုင် အောက်ပိုင်းချည့်သွားတဲ့အတွက် အပြင်ကိုဆေးကုသခွင့်တင်ခဲ့ပေမယ့် မရခဲ့ဘူး။ ထောင်ထဲမှာပဲ ဆေးရုံအဆောင်မှာ ငါးလလောက် ဆေးရုံတက်ခဲ့ရတယ် မလိုအပ်ဘဲနဲ့ပေါ့နော်။ အပြင်က ဘာဆေးမှ သယ်ယူခွင့်မပေးဘူး။ မိသားစုဆီက သောက်နေကျဆေးတွေ အကျဉ်းသားတွေကို ပေးပို့ခွင့်မပေးဘူး။ ထောင်ထဲမှာပဲရှိတဲ့ ပါရာစီတမော့တစ်မျိုးတည်းနဲ့ပဲ ဘာရောဂါပဲဖြစ်ဖြစ် ပေးတဲ့ ပါရာစီတမောတစ်မျိုးပဲ သောက်ပြီး နေခဲ့ရတာပေါ့နော်”

ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန်နှိပ်စက်ခံရတဲ့ ဝေဒနာတွေကို ကုသဖို့ ထောင်တွင်းမှာ ဆေးဝါးလုံလုံလောက်လောက်မရခဲ့သလိုအစာရေစာမလုံလောက်တာကြောင့်လည်း နိုင်ငံရေး အကျဉ်းသားတွေဟာ အာဟာရချို့တဲ့တဲ့ ဒဏ်ကို ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။

ချွေးထွက်စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း ထောင်ဖောက်ပြေးမယ်ဆိုတဲ့ သံသယနဲ့ မလုပ်ဖို့ တားမြစ်ထားတာကြောင့် နိုင်ငံရေးအကျဉ်းသားအများစုက ကိုယ့်ခန္ဓာချည့်နဲ့တဲ့ ရောဂါဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထားဖို့အတွက် အမှတ်စဉ် (၁) ကနေ (၆) အထိရှိတဲ့ အဆောင်ခြောက်ခုနဲ့ သီးသန့်ဆောင်တစ်ခု စုစုပေါင်း ခုနစ်ခုရှိပါတယ်။ အမှတ် (၁) ကနေ (၄) အထိ အဆောင်တွေက အမျိုးသားဆောင်ဖြစ်ပြီး အမှတ်စဉ် (၆) အဆောင်ကတောတော့ အမျိုးသမီးဆောင် ဖြစ်ပါတယ်။

အမှတ်စဉ် (၅) ကတော့ ဆေးရုံဆောင်ဖြစ်ပြီး သီးသန့်ဆောင်မှာတော့ ထောင်ဒဏ် တစ်သက်နဲ့ ဒေသဒဏ်အကျဉ်းသားတွေကို ထားတယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အမှတ် (၁) (၂) (၃) အဆောင်တွေမှာ တခြားရာဇဝတ်အကျဉ်းသားတွေနဲ့ ရောနှောထားပြီး နိုင်ငံရေးအကျဉ်းသူတွေကိုတော့ အမှတ် (၆) အဆောင်တစ်ခုတည်းမှာပဲ တခြားပြစ်မှု ကျခံနေရတဲ့ အမျိုးသမီးတွေနဲ့ ရောထားတယ်လို့ ဆိုပါတယ်။

အဲဒီမှာ ရာဇဝတ်အကျဉ်းသားတွေကို တန်းစီးလို့ခေါ်တဲ့ အခန်းလူကြီးတွေအဖြစ် ခန့်အပ်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း အလုပ်တွေမလုပ်ရဖို့ သူတို့ကိုငွေပေးရလေ့ရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရာဇဝတ်အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတချို့ရဲ့ စီးပွားရေးဖြစ်တဲ့ ထောင်တွင်း မူးယစ်ဆေးဝါးတွေကို အတင်းအကျပ် ဝယ်ယူသုံးစွဲခိုင်းလေ့ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

လွန်ဆန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားမဝင်ဖုန်းခိုးပြောတယ်၊ ထောင်ဖောက်ပြေးဖို့ တိုင်ပင်နေကြတယ် စတဲ့စွပ်စွဲချက်တွေနဲ့ ထောင်အာဏာပိုင်တွေဆီ တိုင်ကြားတာကြောင့် ထောင်ပြင်ထုတ်စစ်ဆေးခံရတာ၊ ရိုက်နှက်တိုက်ပိတ်ခံရတာနဲ့ နောက်ဆုံးသတ်ဖြတ်ခံရတဲ့ အခြေအနေတွေထိ ကြုံလာရတာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ကတော့ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ယောက်ကို ထောင်အပြင်ခေါ်ပြီး စစ်ကြောရေးထပ်လုပ်တဲ့အခါ အသက် ၁၉ နှစ်အရွယ် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုသန့်ဇင်ဝင်းနဲ့ နောက်ထပ် နာမည်မသိရသေးတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီနောက် ၂၀၂၃ ခုနှစ် ဇွန်လမှာ ဒိုက်ဦးထောင်ကနေ ခေါ်ထုတ်ခံခဲ့ရပြီးနောက် ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ရှိပြီး အဲဒီထဲမှာ ရှစ်ယောက်က သေဆုံးသွားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသွားတဲ့သူတွေက ကိုဇင်ဝင်းထွဋ် (ခ) တရုတ်ကြီး၊ ကိုနေအေး (ခ) အာကာထက်ပိုင်မျိုး၊ ကိုရာလေး (ခ) ဇင်မြင့်ထွန်း၊ ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့်၊ ကိုဝေယံလွင် (ခ) ဂျာကြီး၊ ကိုခန့်လင်းနိုင် (ခ) ကိုခန့်၊ ကိုဘိုဘိုဝင်း (ခ) ထန်းတောကြီးနဲ့ ကိုအောင်မျိုးသူ တို့ဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ကို ထောင်ပြောင်းတဲ့အချိန်၊ လမ်းမှာကားမှောက်တော့ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် သေဆုံးသွားတဲ့အကြောင်း ကာယကံရှင်မိသားစုဆီ ထောင်အာဏာပိုင်တွေ အကြောင်းကြားတဲ့ စာကို RFA က ဖတ်ခွင့်ရခဲ့ပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ ဒိုက်ဦးထောင်က အဆိုးဆုံးဖြစ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ဒိုက်ဦးအကျဉ်းထောင်ဟာ သူတို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားနေမှုကို သူတို့ဆက်လက်ထိန်းထားတာကို ကျွန်တော်တို့ မြင်ရတယ်။ အကျဉ်းသား ၃၇ ယောက် ထောင်ပြောင်းမရွှေ့ခံရခင်ကာလနဲ့ဆိုရင် လုံး၀ကိုမှ ပြောင်းလဲသွားတဲ့ အနေအထားဖြစ်တယ်။ အကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ အရမ်းကိုမှကျပ်တယ်။ ပြီးတော့ ဖိနှိပ်ထားတာကို တွေ့ရတယ်။ ခေတ်သမိုင်းမှာ သာယာ၀တီထောင်က နာမည်ဆိုးတွေနဲ့ ကျော်ကြားတယ်။ အဲဒီလိုပဲ အင်းစိန်၊ မန္တလေးအိုးဘို၊ နောက်ပိုင်း မြင်းခြံတို့လိုက်လာတယ်ပေါ့။ ဒါပေမဲ့ လက်ရှိ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်းမှာ အဆိုးဆုံးထောင်ကို ညွှန်ပြပါဆိုရင်တော့ နံပါတ် ၁ နေရာမှာ ချိတ်လာတာတော့ ဒိုက်ဦးအကျဉ်းထောင် ဖြစ်တယ်ပေါ့နော်”

လက်ရှိမှာလည်း အကျဉ်းထောင်အတွင်း စည်းရုံးလှုံ့ဆော်နိုင်တယ်လို့ ယူဆတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားစောင့်ကြည့်တာ၊ စစ်ဆေးရေးဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာ အစားအသောက်တွေကို သွန်ပစ်တာ၊ ရိုက်နှက်နှိပ်စက်တာတွေ ဆက်ရှိနေတယ်လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

အရင် RFA က ဆက်သွယ်မေးမြန်းစဉ်ကတော့ ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုခွင့်မပေးဘဲ ထားတာမရှိသလို အကျဉ်းထောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဆောင်ရွက်နေတယ်လို့ ဦးနိုင်ဝင်းက ဖြေခဲ့ဖူးပါတယ်။

ဥပဒေနဲ့အညီ အကျဉ်းသား၊ အချုပ်သားတွေအပေါ် မှန်ကန်သင့်မြတ်တဲ့ အုပ်ချုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ ရန်ကုန်မြို့က ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဆိုတဲ့လူတွေအပေါ်မှာ ဒီလိုဖိနှိပ်ချုပ်ချယ်နေတာသည် ဥပဒေနဲ့အညီမဟုတ်သလို လူမှုတရားမျှတရေးအရလည်း လက်ခံနိုင်ဖွယ်မရှိဘူး။ အခုလက်ရှိဖြစ်နေတာတွေရဲ့ အခြေခံအကြောင်းအရင်းကိုကြည့်ရင် မသမာသော အကျဉ်းထောင်အရာရှိတွေ ဝန်ထမ်းတွေရဲ့ မလျော်ကန်တဲ့ အပြုအမူတွေကြောင့် ဖြစ်လာတာလို့မြင်တယ်။ အဲဒီတော့ သူ့အထက်မှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးတို့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ဒါတွေကို ပြန်လည်စိစစ်ပြီးတော့ တည့်မတ်ထိန်းကျောင်းပေးဖို့လိုအပ်တယ်လို့ မှတ်ချက်ပြုချင်ပါတယ်”

အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့ ရောနှောထားတာမလုပ်ဖို့၊ ဆေးဝါးတွေ အလုံအလောက် သွင်းခွင့် ရဖို့နဲ့ ထောင်တွင်းမှာလည်း ဆေးဝါးတွေ အပြည့်အ၀ထားပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းအလုပ်တွေခိုင်းစေတာ၊ ရောဂါပိုးကူးစက်လွယ်တဲ့ စအိုပေါက်နှိုက်စစ်ဆေးတာမလုပ်ဖို့နဲ့ ထောင်တွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာတွေကို တားမြစ်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ တစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွင်းသေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အဲဒီထဲမှာ ထောင်တွင်းအသတ်ခံရသူ ၁၈ ဦးနဲ့ ဆေးကုသခွင့်အပြည့်အ၀မရလို့ သေဆုံးရသူ ၁၆ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က စာရင်းပြုစုထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၄ ရက်နေ့အထိစာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၆,၂၄၂ ဦး) ရှိပြီး အဲဒီအထဲမှာ ကိုးထောင်နီးပါး (၈,၈၂၉ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

RFA Burmese