ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့နဲ့နီးတဲ့ မြန်မာနယ်စပ်မှာ ဘေးကင်းလုံခြုံရေးဇုန် (ဒါမှမဟုတ်) လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခု ထူထောင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဌာနရဲ့ တွဲဖက်ပါမောက္ခလည်းဖြစ် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ပါနိထန် ဝပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောလိုက်ပါတယ်။
မတ်လနဲ့ ဧပြီလတွေမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြားဝင်ရောက်လာနိုင်တယ်လို့ ပါနိထန်က ထိုင်းအခြေစိုက် Thai PBS သတင်းဌာနကို မတ်လ ၇ ရက်နေ့က ပြောခဲ့တာပါ။
ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားတာမရှိသေးကြောင်း လုံခြုံရေးကျွမ်းကျင်သူက မှတ်ချက်ပြုထားပြီး ဘေးကင်းလုံခြုံရေးဇုန်ထူထောင်ဖို့ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရက အထူးကော်မတီ တစ်ရပ်ဖွဲ့စည်းသင့်တယ်လို့ ပါနိထန်က ထောက်ပြထားပါတယ်။
ထိုင်းအစိုးရကတော့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံအကြားမှာ ဘေးကင်းလုံခြုံတဲ့နယ်မြေ တစ်ခုဖန်တီးပြီး မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို မြဝတီ-မဲဆောက် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနဲ့ မြန်မာ ကြက်ခြေနီအဖွဲ့တွေ ပူးပေါင်းပြီး ပို့ဆောင်ဖို့ ထိုင်းအစိုးရက အာဆီယံကို အဆိုပြုထားတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထောက်ခံခဲ့ကြပါတယ်။
ထိုင်းအစိုးရက တင်ပြထားတဲ့ အကူအညီပေးအပ်ရာမှာ အသုံးပြုမဲ့ လမ်းကြောင်းတော်တော်များများဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး အကူအညီတွေ ပေးဝေရာမှာ တာဝန်ယူမဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို သွားရောက်ခွင့်ပြုပါ့မလားဆိုတာလည်း မသေချာဘူးလို့ ဝေဖန်တာတွေလည်း ရှိပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေပြန်ဌာန်းလိုက်တာနဲ့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံသား တစ်သောင်းဝန်းကျင်လောက် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာကြောင်းနဲ့ အများစုဟာ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာတာဖြစ်ပြီး ချမ်းသာတဲ့ မြန်မာတွေက ဘန်ကောက်နဲ့ အခြားပြည်နယ်တချို့မှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူကြပြီး သူတို့ရဲ့ သားသမီးတွေကို ထိုင်းနိုင်ငံက နိုင်ငံတကာကျောင်းတွေမှာ ပညာသင်ကြားခိုင်းထားတယ်လို့လည်း ပါနိထန်က ပြောပါတယ်။