၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်မှ (၂၉)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဖေဖော်ဝါရီ (၂၂)ရက်မှ (၂၉)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နဲ့ မဘိမ်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။ စစ်အာဏာရှင်တပ်က ရခိုင်သို့ ကုန်းလမ်း၊ လေယာဉ်လမ်းဖြင့် သွားမည့် ခရီးသည်များကို ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် စစ်မှုထမ်းရန် စည်းရုံးခြင်း၊ လူစာရင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်သင်တန်းတတ်ရန် အဓမ္မခိုင်းစေခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၄)ဦး သေဆုံးခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာရဲစခန်းတွင် ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခံရသောကြောင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် LGBT ၁ ဦး သေဆုံး ခဲ့ရသည်။