လွန်ခဲ့သောနှစ် မေလနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အပါအဝင် အကျဉ်းသား ၃၇ ဦးကို ရန်ကုန်အနီး ပဲခူးတိုင်းမှ ဒိုက်ဦးအကျဉ်းထောင်ရှိ ၎င်းတို့တိုက်ခန်းများမှာ ဆွဲထုတ်သွား ပြီးနောက် ပျောက်ကွယ်သွားသည်။ ထိုသို့ ပျောက်ကွယ်သွားခြင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အကျဉ်းသားများ အများဆုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ထို့နောက် စစ်ကောင်စီက အကျဉ်းသားအုပ်စုတစုကို “ထောင်ပြောင်းရန်” ခေါ်ဆောင်ခဲ့ကြောင်းနှင့် ထိုအကျဉ်းသားများသည် လမ်းတွင် ထွက်ပြေးရန်ကြိုးစားစဉ် သေဆုံးသွားကြောင်း မိသားစုအချို့ကို အကြောင်းကြားသော်လည်း အလောင်းများကို ပြန်လည် ပေးအပ်ခြင်း မရှိပေ။ ထိုအကျဉ်းသားများ သေဆုံးရသည့် အကြောင်းသည် လိမ်ညာမှုဖြစ်သည်ဟု မိသားစုများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် သုတေသီများက ပယ်ချခဲ့သည်။
ဧရာဝတီ သတင်းဌာနသည် ဒိုက်ဦးထောင် အာဏာပိုင်များက မိသားစုထံပေးပို့သည့် သေဆုံးကြောင်း အကြောင်းကြားစာများကို စစ်ဆေးပြီး သေဆုံးသူများ၏ မိသားစုများ၊ နီးစပ်သူများနှင့် နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံမေးမြန်းကာ စုံစမ်းဖော်ထုတ်လိုက်သည်။
မှောင်မိုက်သောနေ့ စတင်ခြင်း
“ဒါဟာ ကျနော့် ညီအကိုတွေအတွက် မှောင်မိုက်တဲ့နေ့ ဖြစ်တယ်” ဟု ဒိုက်ဦးမှ သြဂုတ်လတွင် ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟက မေလ ၂၅ ရက်နေ့ နံနက် စောစောအချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ပြန်လည်ပြောကြားခဲ့သည်။
ဧရာဝတီ သတင်းဌာနသည် ဒိုက်ဦးထောင် အာဏာပိုင်များက မိသားစုထံပေးပို့သည့် သေဆုံးကြောင်း အကြောင်းကြားစာများကို စစ်ဆေးပြီး သေဆုံးသူများ၏ မိသားစုများ၊ နီးစပ်သူများနှင့် နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံမေးမြန်းကာ စုံစမ်းဖော်ထုတ်လိုက်သည်။
ထိုနေ့တွင် ထောင်ဝန်ထမ်း ၂၀ ခန့်သည် တုတ်များ၊ ဒိုင်းများနှင့် သံကြိုးများကိုင်ကာ ကိုသီဟတို့ နေထိုင်ရသည့်တိုက်သို့ ရောက်လာပြီး စာရင်းပါ အကျဉ်းသား အမည်များကို ဖတ်ပြသည်။ သူ့အခန်းမှ အကျဉ်းသားတဦးနှင့် ဘေးခန်းများမှ အကျဉ်းသားများ အပါအဝင် အကျဉ်းသား တဒါဇင်ခန့်သည် ထိုတိုက်မှဖြစ်ပြီး ကျန်သူများမှာ အခြားတိုက်များမှ ဖြစ်သည်။
ထိုစာရင်းပါ အကျဉ်းသားများကို တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများအတွက် စစ်မေးရန် ခေါ်ယူခြင်းဖြစ်ပြီး ၎င်းတို့ကို တဦးချင်း သီးခြားချုပ်နှောင်ထားသည်ဟု ၎င်းကပြောသည်။ ထို့နောက် မကြာမီ ထောင်ဝန်ထမ်း တဒါဇင်ကျော် ဖမ်းဆီးခံရပြီး နိုင်ငံရေးအကျဉ်းသားများ မိုဘိုင်းဖုန်းရရန် ကူညီသည်ဟုဆိုကာ ထောင်ချလိုက်သည်။
ထိုအကျဉ်းသားများအနက် အချို့ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ကိုသီဟထံက သိရသည်။ ကိုသီဟ၏ ရင်းနှီးသော သူငယ်ချင်း ကိုယာလေး (ခေါ်) ကိုဇင်မြင့်ထွန်းနှင့် တွေ့ဆုံခဲ့သည့် အခြားနိုင်ငံရေး အကျဉ်းသားတဦးက ထိုအကြောင်းများကို ကိုသီဟအား ပြန်လည် ပြောကြားခြင်းဖြစ်သည်။ မေလ ၂၅ ရက်နေ့က တိုက်ခန်းများမှ တဦးချင်း သီးခြားချုပ်နှောင်ခံရသူများတွင် ပါဝင်သည့် ကိုယာလေးကလည်း သူနေကောင်းကြောင်း အခြားနိုင်ငံရေး အကျဉ်းသားများမှတဆင့် သတင်းစကား ပေးပို့ခဲ့သော်လည်း သူ့တွင်ညှဉ်းပန်းနှိပ်စက် ခံထားရသည့် လက္ခဏာများ ရှိနေကြောင်း အထက်ပါ အကျဉ်းသားက ပြောပြသည်။
အနည်းဆုံးအားဖြင့် ဖြစ်ရပ်တခုတွင် စစ်ကောင်စီက အကျဉ်းသားတဦးသည် ထိုထောင်အတွင်းတွင် သေဆုံးကြောင်း ဝန်ခံခဲ့သည်။ ထိုသို့ ပထမဆုံး သီးခြားခေါ်ယူခံရသည့် နိုင်ငံရေး အကျဉ်းသားများအနက် တဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ဝင်းကို စစ်ကြောရေးပြုလုပ်စဉ် သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည်။ အကျဉ်းဦးစီးဌာနက အပူရှပ်သေသည်ဟု ပြောသည်။ သူသည် ပြည်သူ့ကာကွယ်ရေးတပ် (ပဲခူး) PDF Bago အတွက် စစ်သားစုဆောင်ရေး အရာရှိတဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ထောင်အနှစ် ၈၀ ကျော် ချခံထားရသူ ဖြစ်သည်။
နောက်တပတ် ကြာသောအခါ ထောင်အာဏာပိုင်များကို ကိုသန့်ဇင်ဝင်း သေဆုံးကြောင်း သူ့ဇနီးထံ အကြောင်းကြားသည်။ သူ၏ ဇနီးသည်လည်း တော်လှန်ရေးအင်အားစုများကို ကူညီသောကြောင့် ထိုထောင်တွင်ပင် ထောင် ၁၀ နှစ် ချထားခံရသူဖြစ်သည်ဟု လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် သူနှင့် ရင်းနှီးသူတဦးက ပြောသည်။
အနည်းဆုံးအားဖြင့် ဖြစ်ရပ်တခုတွင် စစ်ကောင်စီက အကျဉ်းသားတဦးသည် ထိုထောင်အတွင်းတွင် သေဆုံးကြောင်း ဝန်ခံခဲ့သည်။ ထိုသို့ ပထမဆုံး သီးခြားခေါ်ယူခံရသည့် နိုင်ငံရေး အကျဉ်းသားများအနက် တဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ဝင်းကို စစ်ကြောရေးပြုလုပ်စဉ် သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည်။
“သူ့မိန်းမက အဲဒီသတင်းကို မယုံဘဲ သူ့အလောင်းကို တွေ့ရမှ သူသေဆုံးတယ်ဆိုတာကို ယုံမယ်လို့ ပြောခဲ့တယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ သို့သော် ထောင်အာဏာပိုင်များက သူ၏ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ သူ့ခင်ပွန်းသည် ထောင်တွင်းတွင်နေထိုင်စဉ် ကော်ဖီမစ်အိတ်များဖြင့် ပြုလုပ်ထားသည့် လက်မှုပစ္စည်းတခုသာ ပေးခဲ့သည်။
အလောင်းကို မိသားစုထံ ပြန်မပေးသလို ဘာသာရေး ထုံးစံနှင့်အညီ ရေစက်ချအမျှဝေရန် တပတ်အတွင်း ကျင်းပရသည့် ရက်လည်အခမ်းအနားလည်း ကျင်းပခွင့် မပေးခဲ့ပေ။ မိသားစုဝင် ထောင်အတွင်း သေဆုံးကြောင်း အကြောင်းကြားခံရသည့် မည်သည့် မိသားစုများထံမှ သေဆုံးသည့် အကျဉ်းသားအလောင်းကို ပြန်လည် ရယူခွင့် မပြုပေ။
ပဲခူး PDF က ကိုသန့်ဇင်ဝင်းသည် ပဲခူးမြို့နယ်မှ ပျဉ်ပုံကြီး စစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးကြောင်း နောက်ပိုင်းတွင် ကြေညာသည်။ ထိုအချက်ကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပျောက်ဆုံးနေသည့် ကျန်နိုင်ငံရေးအကျဉ်းသားများကိုလည်း ထိုစစ်ကောင်စီ စစ်ကြောရေးစခန်းသို့ပင် ခေါ်သွားနိုင်ကြောင်း ထိုစစ်ကြောရေးစခန်းသို့ တပတ်ခန့် ခေါ်ယူစစ်မေးရန် ခေါ်သွားခံရပြီး ပြန်ပို့ခံရသည့် နိုင်ငံရေး အကျဉ်းသားတဦးထံမှ သတင်းအချက်အလက်များကို ကိုးကားပြီး ကိုသီဟက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများသည် ခေါင်းစွပ် စွပ်ခံထားရသောကြောင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသော်လည်း ၎င်းတို့အားလုံးကို ထောင်မှခေါ်ထုတ်သွားပြီး ထိုနေရာတွင်သာ စစ်မေးခံရကြောင်း နိုင်ငံရေး အကျဉ်းသားများက ပြောသည်။
ဇွန်လ ၇ ရက်နေ့တွင် အထက်ပါစာရင်းပါ သူ့သူငယ်ချင်း သုံးဦးကို တဦးစီ သီးခြားချုပ်နှောင်လိုက်ပြီး ထောင်ကားဖြင့် ခေါ်သွားသည်ကို တွေ့ရကြောင်း ကိုသီဟက ပြောသည်။ သို့သော် ထိုထောင်ကားအတွင်း အခြားအကျဉ်းသားများ ပါ၊ မပါ သူ မသိရကြောင်း ပြောသည်။
ကိုယာလေးကို တိုက်ခန်းမှ ခေါ်သွားပြီး တပတ်ကြာသောအခါ သူသည် ဒိုက်ဦးတွင် မရှိတော့ကြောင်း ကိုသီဟ သိလိုက်ရသည်။ သူ့ဇနီးက သူ့ထံပေးပို့သည့် အစားအသောက်များကို ထောင်အာဏာပိုင်များက ကိုယာလေး ထောင်တွင် မရှိတော့ကြောင်းပြောပြီး လက်မခံသောကြောင့် ထိုသို့ သိရခြင်းဖြစ်သည်။
ထိုကာလအတွင်း ကိုသီဟနှင့် အခြားအကျဉ်းသားများသည် ထောင်အတွင်း တင်းကျပ်သော လုံခြုံရေး အစီအမံများကို ရင်ဆိုင်ရသည်။ အကျဉ်းသားများကို တိုက်များတွင် ရက်ပေါင်းများစွာ ပိတ်ထားပြီး ထောင်ဝန်ထမ်းများ နေရာတွင် စစ်သားများကို အစားထိုးထားကြောင်း သူသိလာသည်။ “လုံခြုံရေး တင်းကျပ်တယ်။ ကျနော်တို့ကို ထောင်ဝင်းထဲမှာ စစ်သားတွေက စောင့်ကြပ်နေတာ” ဟု ၎င်းကပြောသည်။
နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၇ ဦးကို ထောင်မှ ရွှေ့ပြောင်းလိုက်ကြောင်း ဇွန်လ ၂၇ ရက်နေ့ ရောက်သောအခါ နိုင်ငံရေးအကျဉ်းသားများ သိကြရသည်။ ထိုအချိန်တွင် အကျဉ်းသားများကို ထောင်မှ ရွှေ့ပြောင်းထားသည်မှာ အနည်းဆုံး တလကြာပြီဖြစ်သည်ဟု ကိုသီဟက ပြောသည်။ သူသည် အကျဉ်းသား သုံးဦးကို ဇွန်လ ၇ ရက်နေ့တွင် ထောင်ကားပေါ် တင်သွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ကိုယာလေးကို ရွှေ့ပြောင်းသည်ကိုလည်း သိသူဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၇ ဦးကို ထောင်မှ ရွှေ့ပြောင်းလိုက်ကြောင်း ဇွန်လ ၂၇ ရက်နေ့ ရောက်သောအခါ နိုင်ငံရေးအကျဉ်းသားများ သိကြရသည်။ ထိုအချိန်တွင် အကျဉ်းသားများကို ထောင်မှ ရွှေ့ပြောင်းထားသည်မှာ အနည်းဆုံး တလကြာပြီဖြစ်သည်
“သတိပေး ပစ်ခတ်”၍ ခြေကျင်းခတ် အကျဉ်းသား ၁၀ ဦးသေဆုံး
ဇူလိုင်လ ၇ ရက်နေ့မှစတင်ပြီး ထောင်အာဏာပိုင်များသည် အထက်ပါ အကျဉ်းသား ၃၇ ဦးအနက် အနည်းဆုံး ရှစ်ဦး၏ မိသားစုများထံ အကျဉ်းသားများ သေဆုံးကြောင်း အကြောင်းကြားခဲ့သည်။ အကြောင်းကြားစာများတွင် အကျဉ်းသားများ၏ ထောင်ဝင်နံပါတ်နှင့် ထောင်တံဆိပ်တုံး ပါဝင်ပြီး ဦးစီးအရာရှိ ကျော်ဇေယျဆိုသူက လက်မှတ်ရေးထိုးထားသည်။
ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့သည့် ထိုစာများတွင် အကျဉ်းသားများကို ဒိုက်ဦးမှ ရန်ကုန်ရှိ အင်းစိန်ထောင်နှင့် ပဲခူးတိုင်းမှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ပေးစဉ် အစောင့်များက သတိပေး ပစ်ခတ်သောကြောင့် သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
ကိုယာလေး သေဆုံးသည့် အကြောင်းကြားစာကို သူ့ဇနီး ဇူလိုင်လ ၇ ရက်နေ့တွင် ရရှိသည်။ သူ့ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့စဉ် ဇွန်လ ၂၇ ရက်နေ့က သေဆုံးကြောင်း သူ့ဇနီးကို အကြောင်းကြားသည်။ ထိုစာက သူသည် မော်တော်ယာဉ် မတော်တဆမှုကို အခွင့်ကောင်းယူကာ ထွက်ပြေးရန် ကြိုးစားသည်ဟု ဖော်ပြသည်။ ထို့ကြောင့် အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးရန် အစောင့်က သတိပေးပစ်ခတ်ရာတွင် ထိမှန်သေဆုံးကြောင်း ဖော်ပြထားသည်။
အခြားအကျဉ်းသား အနည်းဆုံး နှစ်ဦး၏ မိသားစုများကိုလည်း ၎င်းတို့မိသားစုဝင် အကျဉ်းသားများ အလားတူ သေဆုံးကြောင်း ဒေသအာဏာပိုင်များ အကြောင်းကြားခဲ့သည်။
ထိုသို့ သတ်ဖြတ်ခံရသူများအနက် အနည်းဆုံး သုံးဦးသည် ထိုစဉ်က ဒိုက်ဦးအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များဖြစ်သည်ဟု ဒိုက်ဦးထောင်မှ အမျိုးသမီးဆောင်များအကြောင်း တိုက်ရိုက်သိပြီး လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တခုက ပြောသည်။
ထိုအမျိုးသမီး အကျဉ်းသူများအနက် တဦးသည် ခင်ပွန်းသည်ကို ဆုံးရှုံးပြီး အခြားတဦးသည် ဖခင်ကို ဆုံးရှုံးကာ ကျန်တဦးသည် ဦးလေးဖြစ်သူကို ဆုံးရှုံးသည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့သည့် အကျဉ်းသူကို ဖခင်သေဆုံးပြီး သုံးလကြာမှသာ အကြောင်းကြားသည်ဟုလည်း ထိုသတင်းရင်မြစ်က ပြောသည်။ ထိုအမျိုးသမီးက ဖခင်နှင့် တွေ့ရန်တောင်းဆိုသည်ကို ထောင်အာဏာပိုင်များက ငြင်းဆန်သောအခါမှသာ ဖခင်သေဆုံးသည့်သတင်းကို အသိပေးခြင်းဖြစ်သည်။ သူနှင့်အလားတူ ထောင်အတွင်း ကျခံနေရသည့် မိသားစုဝင်များကို ပုံမှန်အားဖြင့် အတွင်းထောင်ဝင်စာ တွေ့ခွင့်ပေးသည်။
“ငါ့ အပါးဆုံးပြီလို့ ပြောပြီး သူ ရက်ပေါင်းများစွာ ငိုတယ်” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။
ရှေ့နောက်မညီသော အချက်အလက်များ
အကြောင်းကြားစာ ပထမဆုံးရရှိသော မိသားစုများအနက်တခုမှာ ပဲခူးခရိုင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင် မိသားစုဖြစ်သည်။ အသက် ၂၀ အရွယ် ထိုကျောင်းသားအရေး လှုပ်ရှားသူကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီးပြီး အကြမ်းဖက်မှု စွပ်စွဲချက်ဖြင့်ထောင် ၁၅ နှစ် ချထားသည်။
ထိုစာများကို ဇွန်လ ၂၉ ရက်နေ့ရက်စွဲ ရေးထိုးထားသော်လည်း ဇူလိုင်လ ၇ ရက်နေ့မတိုင်မီ ပေးပို့ခြင်း မရှိခဲ့ပေ။ အကျဉ်းသား မိသားစုများရသည့် အကြောင်းကြားစာများ အားလုံးသည် တူညီသည်။ မည်သည့် မိသားစုကိုမှ အလောင်းပြန်မပေးအပ်ခဲ့ပေ။
အလောင်းကို မတွေ့ရသောကြောင့် မရေရာမှုများ ပိုမိုဖြစ်စေပြီး သတ်ဖြတ်ခံရသူများသည် စစ်ကြောရေးတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဆိုသည့် သံသယကို အကျဉ်းသားအခွင့်အရေး စောင့်ကြည့်သော အဖွဲ့များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အကြားတွင် ဖြစ်စေသည်။
စာများကို ဇွန်လ ၂၉ ရက်နေ့ရက်စွဲ ရေးထိုးထားသော်လည်း ဇူလိုင်လ ၇ ရက်နေ့မတိုင်မီ ပေးပို့ခြင်း မရှိခဲ့ပေ။ အကျဉ်းသား မိသားစုများရသည့် အကြောင်းကြားစာများ အားလုံးသည် တူညီသည်။ မည်သည့် မိသားစုကိုမှ အလောင်းပြန်မပေးအပ်ခဲ့ပေ။
အကြောင်းကြားစာများတွင် ဖော်ပြသည့် သေဆုံးရခြင်း အကြောင်းရင်းသည် အလွန် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ အကျဉ်းသားများသည် မတူညီသော နေရာ နှစ်ခုသို့ သွားနေပြီး ၎င်းတို့ အားလုံးသည် မော်တော်ယာဉ် မတော်တဆဖြစ်ချိန် ထွက်ပြေးရန် ကြိုးစားစဉ် သတိပေး ပစ်ခတ်သောကြောင့် သေဆုံးသည်ဟု ဖော်ပြသည်။
၎င်းတို့ပြောကြားသည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့ပါက ထိုမတော်တဆမှုများ သို့မဟုတ် ထောင်ပြင်ပ ပစ်ခတ်မှုများကို ဖုံးကွယ်ထားစရာ အကြောင်းမရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြောခွင့်ရသူ ကိုအောင်မျိုးကျော်က ပြောသည်။
“တကယ်ဖြစ်ခဲ့ရင် အနီးနားက ဒေသခံတွေ မသိဘဲ၊ မပြောဘဲနေမှာ မဟုတ်ဘူး။ ထောင်ကလည်း မိသားစုတွေကို ချက်ချင်း အကြောင်းကြားခဲ့မှာပဲ။ အခုကျတော့ ဖုံးကွယ်ထားပြီး အကြာကြီးနေမှ မိသားစုကို အကြောင်းကြားတယ်” ဟုလည်း ပြောသည်။
မိသားစုများ ဈာပနကျင်းပခွင့် ငြင်းပယ်ခံရသည်သာမက ထိုအကြောင်းကြားစာပါ အချက်အလက်များကို အခြားသူများကို အသိမပေးရန် နှုတ်ဖြင့် သတိပေးခဲ့သည်ဟု မိသားစုများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
ထောင်ပြောင်းသောအခါ အကျဉ်းသားများ ထွက်မပြေးစေရန် သံခြေကျင်းနှင့် လက်ထိပ်ခတ်ထားခြင်းသည် စံလုပ်ထုံးလုပ်နည်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် အကျဉ်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။ အများအားဖြင့် အကျဉ်းသားများကို နှစ်ဦးတတွဲ ခြေကျင်းခတ်ကြောင်း ၎င်းတို့က ပြောသည်။
ကိုသီဟကလည်း ထိုအချက်ကိုထောက်ပြပြီး “ခြေကျင်းခတ်ထားတာ ဘယ်လိုပြေးမလဲ” ဟု မေးသည်။
သတ်ဖြတ်ခံရသူများတွင် ပါဝင်သည့် သူငယ်ချင်းများနှင့် ပြောခဲ့သော စကားများကိုလည်း သူကပြန်ပြောပြသည်။ တိုက်တံခါးပွင့်နေလျှင်ပင် ပြေးမည် မဟုတ်ကြောင်း ၎င်းတို့ပြောခဲ့ကြသည်ဟု သူပြောသည်။ “ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်တွေ ထပ်တင်ဖို့ စစ်ကောင်စီကို ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ပြောပြီး နောက်ဆုံးတွင် တော်လှန်ရေး အောင်မြင်မည်ဆိုသည်ကို အားလုံးယုံကြည်ကြောင်း ပြောပြသည်။
ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့ရသည့် အကျဉ်းဦးစီးဌာနမှ သေဆုံးကြောင်း အကြောင်းကြားစာ နှစ်စောင်တွင် နံပါတ် ၀၀၁ နှင့် ၀၁၄ ဟု ဖော်ပြထားသောကြောင့် သတ်ဖြတ်ခံရသည် အကျဉ်းသားအရေအတွက်သည် ၁၄ ဦးအထိ များနိုင်ဖွယ်ရှိနေသည်။
ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့ရသည့် အကျဉ်းဦးစီးဌာနမှ သေဆုံးကြောင်း အကြောင်းကြားစာ နှစ်စောင်တွင် နံပါတ် ၀၀၁ နှင့် ၀၁၄ ဟု ဖော်ပြထားသောကြောင့် သတ်ဖြတ်ခံရသည် အကျဉ်းသားအရေအတွက်သည် ၁၄ ဦးအထိ များနိုင်ဖွယ်ရှိနေသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများက လွန်ခဲ့သောနှစ်တွင် တည်ထောင်သည့် နိုင်ငံရေးအကျဉ်းသားများကွန်ရက် -မြန်မာ (PPN-M) ကို တည်ထောင်သူတဦးဖြစ်သူ ကိုသိုက်ထွန်းဦး၏ အဆိုအရ ထိုကာလအတွင်း ဒိုက်ဦးထောင်တွင် မည်သည့်အကျဉ်းသားမှ သေဆုံးခြင်း မရှိဟု သိရသည်။
စစ်ကောင်စီက လက်စားချေခြင်း
အဖမ်းမခံရမီက စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် နိုင်ငံရေးအကျဉ်းသားများကို လက်စားချေ သတ်ဖြတ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားက ယူဆကြသည်။
၎င်းတို့၏ အတွေ့အကြုံအရ ပြင်ပတွင် စစ်ကောင်စီတပ်များ ပိုမိုဆုံးရှုံး တိုက်ခိုက်ခံရလေ နိုင်ငံရေး အကျဉ်းသားများ ပိုမိုဖိနှိပ်ခံရလေပင်ဖြစ်ကြောင်း အကျဉ်းသားအခွင့်အရေး လှုပ်ရှားသူများက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ရန်သူလို့ ထင်ကြတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောကြားပြီး ထောင်ဝန်ထမ်း အများအပြားသည် စစ်သားဟောင်းများဖြစ်ကြောင်း ပြောသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ စစ်ကောင်စီကြေညာချက်အရ ကိုခန့်လင်းနိုင် အပါအဝင် ဒိုက်ဦးထောင်မှ သတ်ဖြတ်ခံရ သို့မဟုတ် ပျောက်ဆုံးနေသော နိုင်ငံရေး အကျဉ်းသားများကို စစ်ကောင်စီပစ်မှတ်များအား ပြောက်ကျား တိုက်ခိုက်မှုတွင် ပါဝင်သည်၊ ပဲခူး PDF လှုပ်ရှားမှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
ဒိုက်ဦးထောင် ဖြစ်ရပ်တွင် ၎င်းတို့အဖွဲ့မှ တော်လှန်ရေးသမား ငါးဦး သတ်ဖြတ်ခံရသည်ဟု သိရကြောင်း ပဲခူး PDF ပြောခွင့်ရသူ ကိုဖြိုးမောင်က ပြောသည်။
“သူတို့အားလုံးကို ထောင်နှစ်ရှည်ချထားတယ်။ ဒါပေမယ့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထပ်မံစစ်မေးပြီး သတ်လိုက်တာ” ဟု ကိုဖြိုးမောင်က ပြောကြားပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောသည်။
PDF အဖွဲ့ဝင်များနှင့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အငြိုးထားခံရသူများ၊ ထောင်တွင်းမှ မတရားသည့် ကန့်သတ်ချက်များကို အာခံသူများအား ထောင်ပြောင်းမည်ဟုဆိုကာ ထွက်ပြေးရန် ကြိုးစားသည်ဟု အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ ရွေးချယ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအသင်း (FPPS) မှ ဦးထွန်းကြည်က ပြောသည်။
တနိုင်ငံလုံးမှ အကျဉ်းထောင်များတွင် လွန်ခဲ့သောနှစ်က သေဆုံးသည့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၃၅ ဦးအနက် ၁၈ ဦးသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားသတ်ဖြတ်မှုကြောင့် သေဆုံးပြီး ၁၇ ဦးသည် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရသောကြောင့် သေဆုံးကြောင်း PPN-M က ဖော်ပြသည်။
“၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
တနိုင်ငံလုံးမှ အကျဉ်းထောင်များတွင် လွန်ခဲ့သောနှစ်က သေဆုံးသည့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၃၅ ဦးအနက် ၁၈ ဦးသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားသတ်ဖြတ်မှုကြောင့် သေဆုံးပြီး ၁၇ ဦးသည် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရသောကြောင့် သေဆုံးကြောင်း PPN-M က ဖော်ပြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြမ်းတမ်းသော အခြေအနေများ၊ မလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့်သေဆုံးသည့် နိုင်ငံရေးအကျဉ်းသား ၈၀ ခန့်ရှိသည်ဟု AAPP ၏ အဆိုအရ သိရသည်။
စစ်ကောင်စီသည် ဆေးဝါးများပေးပို့ခြင်းကို ဇူလိုင်လမှ စတင်ပိတ်ပင်လိုက်သောကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် အစာအိမ်ရောဂါ ကဲ့သို့သော နာတာရှည်ရောဂါ ခံစားနေရသည့် အကျဉ်းသားများသည် ဒဏ်ခံနေရပြီး မကြာခဏဆိုသလို သေဆုံးသည်အထိ ဖြစ်ရသည်။
အကျဉ်းသားများ မည်သည့်ရောဂါ ခံစားရသည်ဖြစ်စေ ထောင်အာဏာပိုင်များသည် အကိုက်အခဲပျောက်ဆေး ပါရာစီတမောနှင့် ဓာတ်မတည့်ခြင်းအတွက် သုံးသည့် ဘာမီတွန်သာပေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် စစ်ကောင်စီသည် အဖမ်ဆီးခံ ဒီမိုကရေစီခေါင်းဆောင် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ပြင်းထန်သော သွားဖုံးရောဂါ ခံစားနေရချိန်တွင်ပင် စနစ်တကျ ဆေးဝါးကုသခွင့် မပေးကြောင်း သိရသည်။ ထောင်စနစ်ပြင်ပ အဆင့်မြင့်ဆေးရုံမှ သမားတော်နှင့် ပြသခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည်ကို စစ်ကောင်စီက ပယ်ချခဲ့ကြောင်း သိရသည်။
တနိုင်ငံလုံးမှ ထောင်များ အကျဉ်းစခန်းများသို့ သွားရောက်ခွင့်ရသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ပြီး ထောင်များကို စစ်ဆေးကာ လူ့အခွင့်အရေး ကာကွယ်ပေးခွင့်ရသည့် မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ဧရာဝတီက ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနသည် မြန်မာမှ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ကို မှတ်ချက်ပေးရန်နှင့် မည်သို့ အရေးယူဆောင်ရွက်ခဲ့သည်ကို မေးမြန်းခဲ့ရာ ၎င်းတို့အဖွဲ့အစည်း၏ လုပ်နည်းလုပ်ဟန်သည် ပွင်းလင်း ရိုးသားသော ဆွေးနွေးမှုဖြစ်စေရေးအတွက် နိုင်ငံအားလုံးတွင် သက်ဆိုင်သူများနှင့် နှစ်ဖက်သဘောတူ သီးသန့် ထိတွေ့ဆက်ဆံရေးဖြစ်သောကြောင့် အသေးစိတ်များကို မပြောနိုင်ကြောင်း ICRC ၏ ပြည်တွင်းမီဒီယာ ဆက်ဆံရေး အရာရှိတဦးက ပြောသည်။
မိသားစုဝင်ဆွေမျိုးများနှင့် အဆက်အသွယ်ပြတ်နေသော အမှုများတွင် မိသားစုဝင်များသည် ICRC သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ထိုမိသားစုဝင်များကိုသာ အကြောင်းပြန်ကြားမည်ဟု ထို ပြည်တွင်း မီဒီယာ အရာရှိက ပြောသည်။
အပ်ကြောင်းထပ်နေသော အကြောင်းပြချက်
ထွက်ပြေးရန် ကြိုးစားသောကြောင့် သတ်ဖြတ်သည်ဆိုသည့် အကြောင်းပြချက်သည် အသစ်အဆန်း မဟုတ်ကြောင်း အကျဉ်းသားအခွင့်အရေး အဖွဲ့အစည်းများက ပြောသည်။ မြင်းခြံထောင်မှ သေဆုံးမှု နှစ်ခု၊ သာယာဝတီထောင်တွင်သေဆုံးမှု တခုနှင့် အင်းစိန်ထောင်မှ သေဆုံးမှု နှစ်ခု အပါအဝင် လွန်ခဲ့သောနှစ်က အခြား နိုင်ငံရေးအကျဉ်းသား သေဆုံးမှု ငါးခုတွင်လည်း အလားတူ အကြောင်းပြချက်ကိုသာ ပေးခဲ့သည်။
စစ်ကောင်စီလိုလားသော ဝါဒဖြန့်သူ လီလီနိုင်ကျော်ကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် အင်းစိန်ထောင်မှ အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်းနှင့် အသက် ၃၀ အရွယ် ကိုကျော်သူရတို့ကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်သို့ ခေါ်ဆောင်လာစဉ် ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်သတ်လိုက်သည်ဟု စစ်ကောင်စီက လွန်ခဲ့သောနှစ် ဇူလိုင်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
ကိုကောင်းဇာနည်ဟိန်းကို ဇွန်လအစောပိုင်းတွင် ဖမ်းဆီးပြီးနောက် မကြာမီ သူ၏ မိခင်နှင့် အမတို့သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ နေအိမ်တွင် ပစ်သတ်ခံရပြီး စစ်တပ်လိုလားသူများကို သတ်ဖြတ်ခြင်းအတွက် လက်စားချေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ကိုကောင်းဇာနည်ဟိန်းကို ဇွန်လအစောပိုင်းတွင် ဖမ်းဆီးပြီးနောက် မကြာမီ သူ၏ မိခင်နှင့် အမတို့သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ နေအိမ်တွင် ပစ်သတ်ခံရပြီး စစ်တပ်လိုလားသူများကို သတ်ဖြတ်ခြင်းအတွက် လက်စားချေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ထိုအကျဉ်းသား သေဆုံးမှုများ အားလုံးကို ရှုတ်ချကြောင်း AAPP ပြောခွင့်ရသူ ကိုအောင်မျိုးကျော်က ပြောပြီး ထိုသတ်ဖြတ်မှုများသည် နိုင်ငံ့သမိုင်းတွင် အဆိုးရွားဆုံး တရားမဲ့သတ်ဖြတ်မှုဖြစ်ကြောင်း ပြောသည်။
“အခု သူတို့က အကျဉ်းသားတွေကို ခေါ်ထုတ် ထပ်မံစစ်မေးပြီး ထင်သလို သတ်ဖြတ်နေတယ်” ဟု ၎င်းကပြောသည်။
ဒိုက်ဦး အကျဉ်းထောင်မှ မည်သည့်အကျဉ်းသားမှ ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းမရှိကြောင်း စစ်ကောင်စီ၏ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးက ပြောသည်။
ထိုဖြစ်ရပ်များအကြောင်း မေးသောအခါ သူက “ခင်ဗျားကို ဘယ်ယူပြောလဲ” ဟု ပြန်မေးပြီး “ဒါမမှန်ဘူး။ ဘယ် အကျဉ်းသားမှ မပျောက်ဘူး၊ ဘာမှလည်း မဖြစ်ဘူး။ ဒိုက်ဦးထောင်မှာ အားလုံးပုံမှန်ပဲ” ဟုပြောပြီး ဖုန်းချသွားသည်။
မျှော်လင့်ချက်ရောင်ခြည်
ဒိုက်ဦးမှ ပြောင်းရွှေ့သည့် အကျဉ်းသား ၃၇ ဦးအနက် အချို့သည် အင်းစိန်ထောင်သို့ ရောက်လာသည်ဆိုသည့် အင်းစိန်ထောင်မှ မကြာသေးမီက ထွက်ပေါ်လာသည့် သတင်းများကြောင့် မိသားစုများအကြား မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။
ဒဏ်ရာရပြီး သွေးထွက်သံယိုဖြစ်နေသည့် အကျဉ်းသား ၂၀ ခန့် ၂၀၂၃ ခုနှစ်၊ မေလ နောက်ဆုံးအပတ်က ရောက်လာသည်ဟု ကိုသိုက်ထွန်းဦး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ရောက်ရှိလာသည့် အချိန်နှင့် ထိုစဉ်က အခြား မည်သည့်ထောင်ပြောင်းရွှေ့မှုမှ မရှိသောကြောင့် ၎င်းတို့သည် ဒိုက်ဦးထောင်မှ အကျဉ်းသားများ ဖြစ်နိုင်ကြောင်း ပြောသည်။
သို့သော် ထိုသို့အကျဉ်းသားများ ရောက်ရှိလာသည့် သတင်းကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဒဏ်ရာရပြီး သွေးထွက်သံယိုဖြစ်နေသည့် အကျဉ်းသား ၂၀ ခန့် ၂၀၂၃ ခုနှစ်၊ မေလ နောက်ဆုံးအပတ်က ရောက်လာသည်ဟု ကိုသိုက်ထွန်းဦး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ရောက်ရှိလာသည့် အချိန်နှင့် ထိုစဉ်က အခြား မည်သည့်ထောင်ပြောင်းရွှေ့မှုမှ မရှိသောကြောင့် ၎င်းတို့သည် ဒိုက်ဦးထောင်မှ အကျဉ်းသားများ ဖြစ်နိုင်ကြောင်း ပြောသည်။
ပျောက်ဆုံး အကျဉ်းသားများ၏ မိသားစုများသည် အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ သွားရောက် စုံစမ်းသော်လည်း ထောင်အာဏာပိုင်များထံမှ မည်သည့်သတင်းမှ မရပေ။
မိသားစုဝင်များသည် နေ့စဉ် စိုးရိမ်ပူပန် ထိတ်လန့်စွာနေရကြောင်း ပဲခူတိုင်းအရှေ့ပိုင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ကိုဘိုတောက်က ပြောသည်။ လက်ရှိအချိန်အထိ ၎င်းတို့အဖွဲ့သည် ပျောက်ဆုံးအကျဉ်းသားများ သို့မဟုတ် အင်းစိန်ထောင်သို့ရောက်လာသည်ဆိုသည့် အကျဉ်းသားများနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှ မရကြောင်း ပြောသည်။
မီဒီယာသို့ ပြောကြားခြင်းအတွက် လက်စားချေခံရမည်ကို စိုးရိမ်သောကြောင့် သတ်ဖြတ်ခံရသည့် မည်သည့် နိုင်ငံရေးအကျဉ်းသား၏ မိသားစုကမှ ဧရာဝတီသို့ ထိုသေဆုံးမှု ပျောက်ဆုံးမှုများအတွက် မှတ်ချက်ပေး ပြောကြားခြင်း မရှိပေ။ သို့သော် ပျောက်ဆုံးအကျဉ်းသားများ၏ မိသားစုဝင် နှစ်ဦးက ၎င်းတို့သည် မိသားစုဝင် အကျဉ်းသားနှင့် ပတ်သက်သည့် မည်သည့်သတင်းမှ မရကြောင်း ပြောသည်။
ထောင်ချခံထားရသော နိုင်ငံရေးအကျဉ်းသားများကို သတ်ဖြတ်ခြင်းသည် အဆိုးရွားဆုံး လူမဆန်မှုဖြစ်ကြောင်း ပျောက်ဆုံး အကျဉ်းသားများအနက် တဦး၏ မိသားစုနှင့် နီးစပ်သော သတင်းရင်မြစ်တခုက ပြောသည်။
ဘယ်သူ့တွင် တာဝန်ရှိသနည်း
ထိုအမှုတွင် မည်သူ အမိန့်ပေးသည်၊ သတ်ဖြတ်မှု၊ လက်စဖျောက်မှုအား မည်သူကျူးလွန်သည်ကို ရှင်းလင်းတိကျစွာ မသိရသေးသော်လည်း တာဝန်ရှိသည်ဟု သတ်မှတ်နိုင်သူအချို့ကို ဖော်ထုတ်နိုင်သည်။ ထို့အပြင် ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သော သတင်းရင်းမြစ်များနှင့် ရရှိသော စာရွက်စာတမ်းများအရ ထောင်ဝန်ထမ်းများကို ထိန်းချုပ်သည့် စစ်ကောင်စီတပ်များနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူသည် ထိုအမှုတွင် ပတ်သက်နေကြောင်း ပြသနေသည်။
ပထမဆုံးအချက်မှာ စစ်တပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို အပြည့်အဝ ထိန်းချုပ်ထားသည့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒိုက်ဦးထောင်မှ ထိုနိုင်ငံရေး အကျဉ်းသားများကို သတ်ဖြတ်မှု၊ လက်စဖျောက်မှုအတွက် လုံးဝတာဝန်ရှိသည်။
ထို့ပြင် နိုင်ငံရေး အကျဉ်းသားများကို စစ်တပ်စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားသောကြောင့် ပဲခူးအခြေစိုက် စစ်တပ် တပ်မ ၇၇ မှ စစ်ကောင်စီ စစ်သားများနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲရုံး (စရဖ) ၏ ပဲခူးမှ စစ်ထောက်လှမ်းရေး စစ်သားများ အမှုတွင် ပါဝင်ပတ်သက်သည်ဟု နိုင်ငံရေးအကျဉ်းသား အခွင့်အရေး လှုပ်ရှားသူများနှင့် သတင်းရင်းမြစ်များက ယူဆသည်။
စစ်ကောင်စီ၏ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ကို တာဝန်ခံသည့် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ထိုအမှုတွင် တာဝန်အမြင့်မားဆုံးရှိပြီး သူ၏ ခွင့်ပြုချက်မရဘဲ သတ်ဖြတ်မှု၊ လက်စဖျောက်မှုကို မလုပ်နိုင်ကြောင်း AAPP မှ ကိုအောင်မျိုးကျော်က ပြောသည်။
ထို့အပြင် အဆင့်အဆင့် အမိန့်ပေးခဲ့သော စစ်ကောင်စီ အရာရှိများနှင့် ကိုယ်တိုင် ကျူးလွန်သူများသည်လည်း ၎င်းတို့လုပ်ရပ်များအတွက် တာဝန်ရှိသည်။
စစ်ကောင်စီ၏ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ကို တာဝန်ခံသည့် ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ထိုအမှုတွင် တာဝန်အမြင့်မားဆုံးရှိပြီး သူ၏ ခွင့်ပြုချက်မရဘဲ သတ်ဖြတ်မှု၊ လက်စဖျောက်မှုကို မလုပ်နိုင်ကြောင်း AAPP မှ ကိုအောင်မျိုးကျော်က ပြောသည်။
“စစ်ကောင်စီက ခွင့်ပြုခဲ့တဲ့အတွက် စစ်ကောင်စီလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်” ဟု ၎င်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနသည် စစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းလည်ပတ်သည်။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး စိုးထွဋ်သည် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည်။
ထိုအမှုတွင် တာဝန်ရှိသူများသည် ထိုစဉ်က အကျဉ်းထောင် အရာရှိများဖြစ်သော ဆန်းအောင်၊ သိုက်ထွေး၊ မျိုးသီဟအောင်တို့တွင်လည်း တာဝန်ရှိကြောင်း PPN-Myanmar မှ ကိုသိုက်ထွန်းဦးက ပြောသည်။ ၎င်းတို့ ပါဝင်ပတ်သက်မှုကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ပဲခူးမှ ခရိုင်ရဲတပ်ဖွဲ့တွင် အဓိက တာဝန်ရှိကြောင်း ၎င်းကပြောသည်။ အကျဉ်းသား မိသားစုများထံ ပေးပို့သည့် သေဆုံးကြောင်း အကြောင်းကြားစာများတွင် ထောင်ပြောင်းရွှေ့စဉ် မော်တော်ယာဉ် မတော်တဆမှုများနှင့် သတိပေး ပစ်ခတ်သောကြောင့် အကျဉ်းသား သေဆုံးမှုများကို ပဲခူးခရိုင်ရဲတပ်ဖွဲ့ရုံးက သတင်းပို့သည်ဟု ဖော်ပြထားသည်။
“အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပေမယ့် အကျဉ်းဦးစီးဌာနက ဘယ်သူ့ကိုမှ အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ မထည့်သွင်းသေးတာ ဝမ်းနည်းစရာပဲ” ဟုလည်း ကိုသိုက်ထွန်းဦးက ပြောသည်။
တွေ့ဆုံမေးမြန်းမှုများ၊ ရရှိသော စာရွက်စာတမ်းများမှ အချက်အလက်များအရ ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို သတ်ဖြတ်မှုများနှင့် လက်စဖျောက်မှုများ နောက်ကွယ်မှ ဖြစ်နိုင်ခြေရှိသော အမိန့်ပေးကွင်းဆက်ကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။
ဒိုက်ဦးထောင်အမှုသည် ၎င်းတို့အဖွဲ့ ရင်ဆိုင်ရသည့် အဆိုးရွားဆုံး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ကြောင်း FPPS မှ ဦးထွန်းကြည်က ပြောသည်။
“အပြစ်ပေး အရေးယူမခံရဘဲ နိုင်ငံတကာအသိုက်အဝန်းကလည်း နှုတ်ဆိတ်နေရင် စစ်ကောင်စီက အလားတူ အမှုတွေ ဆက်လက်ကျူးလွန်နေလိမ့်မယ်။ သူတို့ကို သားသတ်လိုင်စင် ထုတ်ပေးတာနဲ့ အတူတူပဲ” ဟု ၎င်းကပြောသည်။
နိုင်ငံရေး အကျဉ်းသားများကို သတ်ဖြတ်ခြင်းဖြင့် ပြည်တွင်း ဥပဒေများကိုသာမက နိုင်ငံတကာဥပဒေများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းမှ ၎င်းတို့ကို တားဆီးရန်အတွက် စစ်ကောင်စီ အပြစ်ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန် အရေးကြီးကြောင်း AAPP မှ ကိုအောင်မျိုးကျော်နှင့် PPN-M မှ ကိုသိုက်ထွန်းဦးတို့ကလည်း ပြောသည်။
“စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ပြီး ကျဆုံးသွားတဲ့ ကျနော်တို့ ရဲဘော်တွေအတွက် တရားမျှတမှု ရှာဖွေရမယ်။ အခု စစ်ကောင်စီ ဖမ်းဆီးထားသူတွေမှာ ရှင်သန်ခွင့် မရဘဲ ဥပဒေမဲ့သတ်ဖြတ်ခံရမယ့် အန္တရာယ် ကျရောက်နေတယ်” ဟု ၎င်းတို့က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Vanished: What Happened to 37 Prisoners Taken From Myanmar’s Daik-U Prison? ကို ဘာသာပြန်သည်။)