စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းပြီး နောက် တင်မော်ရွာက ဒေသခံအမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၆၀ ကျော်အရွယ် ဦးရဲရွှေနဲ့ အသက် ၃၀ ကျော်အရွယ် ကိုမောင်ချိုတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စစ်ကြောင်းဝင်တယ်။ ဝင်တဲ့အချိန်မှာ ဦးရဲရွှေနဲ့ ကိုမောင်ချိုတို့ကို ဖမ်းမိသွားတာ။ ၁၆ ရက်နေ့ စစ်ကြောင်း ပြန်ထွက်တော့ ရွာကို ပြန်ဝင်တဲ့အချိန် လက်ကတစ်နေရာ၊ ခေါင်းကတစ်နေရာ၊ ခြေထောက်တွေက တစ်နေရာ တွေ့ရတာပဲ၊ ဓားနဲ့ကို အပိုင်းပိုင်း ဖြတ်သွားတဲ့ပုံစံပဲ၊ တော်တော် ရက်ရက်စက်စက်ကို လုပ်သွားတာဗျ”

တင်မော်ရွာကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်လေ့ရှိပြီး အာဏာသိမ်းပြီးနောက် ဆယ်ကြိမ်ထက် မနည်း စီးနင်းခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းတွေမရှိတော့ပေမယ့် ဒေသခံတွေကတော့ နေရပ်မပြန်ရဲသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းစစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင် ကျော်ကတော့ လုံခြုံရေးကိစ္စတွေ သူ မသိဘူးလို့ ပြောပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၄၅၄၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

RFA Burmese