၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဖေဖော်ဝါရီ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဖေဖော်ရီ(၅)ရက်နေ့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် စစ်အာဏာရှင်တပ်၏ လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် (၄)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ကျော် ထိခိုက် ဒဏ်ရာ ရခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်တို့မှ ဒေသခံပြည်သူ (၃၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ မန္တလေး အိုးဘို ထောင်မှ နိုင်ငံရေး အကျဉ်းသူ တဦး ဆေးကုသခွင့် လုံလောက်စွာ မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၁၂)ကျော် ဒဏ်ရာရရှိခဲ့ပြီး (၉)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့သည်။