မကွေးတိုင်း ယောဒေသကာကွယ်ရေးတပ် (YDF) ရဲဘော် ၂ ဦးကို စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေက ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပကဖကနေ သိရပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ YDF ရဲဘော် ၂ ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ  ၂ ဦးကို  သံကြိုးနဲ့ တုပ်ကာ ကားနဲ့ဆွဲခေါ်  နှိက်စက်ပြီး နောက်ဆုံးမှာ မြောက်ခင်ရမ်းရွာ မြောက်ဘက်အထွက် ဆေးရုံရှေ့ ကုက္ကိုလ်ပင်မှာအရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူက “ ၁၁ လပိုင်း ၇ ရက်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ပါ။ ကြိုးနဲ့ဆွဲတာရော မီးရှို့ခံရတဲ့ဖြစ်စဉ်က တခုထဲပါ၊ အဲ့ဒီ ဗီဒီယိုက ပျူရွာကထွက်ပြေးတဲ့သူတွေက ခိုးထုတ်လာတာပါ၊ အဲ့ဒီဖိုင်က ရွာကပျူစောထီးအမာခံတွေရဲ့ လက်ထဲမှာရှိနေတာပါ၊ မီးရှို့တဲ့အချိန်မှာ ဝိုင်းကြည့်နေသူတွေက ပျူစောထီးမိသားစုဝင်တွေနဲ့ အမာခံတွေပါ”လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၂ ဦးဟာ ကိုဖိုးတေနဲ့ ကိုသားထောင် တို့ဖြစ်ကာ ယောဒေသကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး YDF ကိုဆက်သွယ်မရတဲ့အတွက် သူတို့ရဲ့ အသက်နဲ့ ရာထူးတွေကိုတော့ အသေးစိတ် မသိရှိရသေးပါ။

ဒီသတ်ဖြတ်မှုကို မြောက်ခင်ရမ်းကျေးရွာက ကိုဖြိုးဝင်း၊ ကိုထက်ဝေဦး၊ ကိုနောင်ထွေး ဆိုတဲ့ ပျူစောထီးတွေဦးဆောင်တဲ့ မိုးကြိုးအဖွဲ့က ကျူးလွန်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။ အခုလို ဖမ်းဆီးသတ်ဖြတ် မီးရှို့ သတ်ခဲ့တာနဲ့ ပတ်သက်ပြီး  ပျူစောထီးတွေကိုရော စစ်ကောင်စီ ဘက်ကိုပါ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

DVB News