စစ်ဝတ်စုံနဲ့လက်နက်ကိုင်လူတွေက အရပ်ဝတ်နဲ့လူငယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး မသေမရှင် မီးရှို့သတ်လိုက်တဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုတစ်ခု အွန်လိုင်းလူမှုကွန်ယက်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပေါ်ထွက်ခဲ့သလို RFA ကလည်း လက်ခံရရှိခဲ့ပါတယ်။

ဒီဗီဒီယိုမှာ မြင်ရတာက စစ်တပ်အာဏာသိမ်းပြီး နောက်မှာ မကြာခဏမြင်ရတတ်တဲ့ ညှဉ်းပန်းနှိပ်စက်နေပုံတွေပါ။ အရပ်ဝတ်နဲ့ လူငယ်နှစ်ယောက်ရဲ့ခြေထောက်တွေကို ထိပ်တုံးခတ်၊ လက်တွေကို နောက်ပြန်ကြိုးတုပ်ထားပြီး စစ်ဝတ်စုံနဲ့ လက်နက်ကိုင်လူတွေက မေးမြန်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တခြားဖြစ်ရပ်တွေထက် ထူးခြားနေတာက အဲဒီ လူငယ်နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့နေတာပါ။ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်အပေါ်မှာ သူတို့ရဲ့ အော်ဟစ်ညည်းညူ သံကြားရပြီး၊ အရပ်ဝတ်နဲ့လူအုပ်ကြီးက ဝိုင်းကြည့်နေတာလဲ တွေ့ရပါတယ်။

ရုပ်သံဖိုင်အစပိုင်းမှာ စစ်ဝတ်စုံနဲ့လူတွေက ဖမ်းမိထားတဲ့ လူငယ်နှစ်ယောက်ကို ဘယ်ရွာကလဲလို့ မေးမြန်းနေသံကြားရပြီး၊ ပထမလူငယ်က စမိတ်ရွာကပါ လို့ပြန်ဖြေနေသလို၊ ဒုတိယလူငယ်က ဇီးပြားရွာကပါလို့ ပြန်ဖြေနေတာပါ။ သူတို့ပြောတဲ့ရွာတွေက မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ ရှိပါတယ်။

ဒီအဖြစ်အပျက်ဟာ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်ပဋိပက္ခ သုံးနှစ်တာကာလအတွင်း လူနှစ်ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်နေတာကို ဗီဒီယို ရုပ်သံမှတ်တမ်းအနေနဲ့ ထွက်ပေါ်လာတာဟာ ပထမဆုံးနဲ့ အဆိုးဝါးဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

RFA က စုံစမ်းချက်အရ ဒီလူငယ်နှစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် အဝေးသင်တက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုသားထောင် တို့ဖြစ်တယ်လို့ သိရှိရပါတယ်။

သူတို့ဟာ မကွေးတိုင်း ဂန့်ဂေါခရိုင် ယောကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force -YDF) အဖွဲ့ဝင်တွေ ဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတဲ့ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့တွေ သွားတိုက်တဲ့အချိန်မှာ လက်ရဖမ်းမိသွားတာဖြစ်တဲ့အကြောင်း YDF က ဖေဖော်ဝါရီ ၆ ရက်က ကြေညာချက် ထုတ်ပြန် ပြောကြားထားပါတယ်။

Myauk Khin Yan Hospital.jpg

သူတို့နှစ်ယောက်ကို မြောက်ခင်ရန်းရွာရဲ့ ဆေးရုံရှေ့က ကုက္ကိုလ်ပင်အောက်မှာ မီးရှို့ သတ်လိုက်တာလို့ ယောကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ တာဝန်ခံတစ်ယောက်က ပြောပါတယ်။

ဖြစ်ရပ်က သုံးလနီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ အဲဒီဒေသမှာ စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်ထားလို့ အများသိအောင် ထုတ်ပြန်ဖို့ နှောင့်နှေးခဲ့ရတာလို့လည်း ဆိုပါတယ်။

“မြောက်ခင်ရန်းရွာ အိမ်ခြေ နှစ်ထောင်ကျော် သုံးထောင်နီးနီးရှိတဲ့ရွာကို ဝင်တိုက်ခိုက်ခဲ့ပါတယ်၊ အဲဒီမှာ ဘေးကနေ စစ်ကူတွေလာတော့ ကျွန်တော်တို့ ပြန်ဆုတ်ခွာတဲ့အချိန်မှာ ခြေထောက်တွေ မှန်ပြီးကာမှ ကျန်ခဲ့တဲ့အနေအထားမှာ နှစ်ယောက်ဖမ်းမိသွားတာပါဗျ။ ကျွန်တော်တို့ ရဲဘော်တွေကတော့ စိတ်မကောင်းစွာနဲ့ဘဲ အရှင်လတ်လတ် မီးရှို့ခံပြီးကာမှ အသက်ဆုံးရှုံးသွားပါတယ်”

ဒီဖြစ်ရပ်ကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ နယ်မြေခံ လုံခြုံရေးတပ် ပျူစောထီးအဖွဲ့တွေလို့ YDF နဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသခံတွေက ပြောကြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့က ကြေညာချက်ထုတ် ငြင်းဆိုထားပါတယ်။

အဲဒီတိုက်ပွဲမှာ အရှင်ဖမ်းမိခဲ့တဲ့သူမရှိသလို၊ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့သူတွေက PDF တွေဖြစ်တဲ့အကြောင်းနဲ့ သူတို့ အချင်းချင်း စိတ်သဘောထား မတိုက်ဆိုင်လို့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကို ရပ်ရွာကာကွယ်ရေး အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့သလိုမျိုး လုပ်ကြံဖန်တီး ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် တစ်ခုပဲဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပျူစောထီးအဖွဲ့ဆိုတာ ဖွဲ့စည်းထားတာမရှိကြောင်းလည်း ငြင်းဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ရှင်းလင်းချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီ ဖုန်းဆက်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

အဲဒီရုပ်သံဖိုင်ကို ထွက်ပြေးလာသူတွေဆီကနေ ရရှိခဲ့တာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ဒီလိုဗျ ဖြစ်စဉ်က အခုမှ ဗီဒီယိုဖိုင်က ကျွန်တော်တို့ လက်ထဲကို အခုမှ ရောက်တာပေါ့နော်။အခုက ပြည်သူတွေဆီကနေရတာ ဒီဗီဒီယိုဖိုင်ကပေါ့နော်။ ထွက်ပြေးလာတဲ့ ပြည်သူတွေဆီကနေတဆင့် ရခဲ့တာပါ၊ အဲဒီမှာ ဖြစ်စဉ်ကို အစကနေ အဆုံးမြင်ခဲ့တဲ့ ကလေးပေါ့နော်။ အသက်တော့ မပြည့်သေးဘူး။ ကလေးက Grade 7, Grade 8 လောက်ဖြစ်မယ်နဲ့တူတယ်။ သူကတော့ ဖြစ်စဉ်အစအဆုံးကိုတွေ့တယ် မြင်တယ်လို့ ပြောတယ်၊ ကျူးလွန်သူတွေကို သူက နာမည်တွေတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ရုပ်တွေပြတာနဲ့ ဘယ်သူဘယ်သူဆိုတာ အကုန်မှတ်မိတယ်လို့ ဆိုတာမျိုး ကျွန်တော်တို့ဆီကို ထွက်ဆိုထားတာမျိုး ရှိတယ်”

ဂန့်ဂေါခရိုင်ဟာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကာလတွေမှာ စစ်တပ်ဘက်ယိမ်းတဲ့ နိုင်ငံရေးပါတီဘက်က အားသာခဲ့သလို၊ အာဏာသိမ်းပြီးတဲ့နောက်မှာ ပျူစောထီးလို့ခေါ်တဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ထားတဲ့အဖွဲ့တွေများတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ကလည်း အခု အခင်းဖြစ်ခဲ့ရာ မြောက်ခင်ရန်းရွာက ဒေသခံ နှစ်ရာလောက်ဟာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ရဲ့ရန်ကိုကြောက်လို့ ထွက်ပြေးလာတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက RFA ကိုပြောခဲ့ဖူးပါတယ်။

Zee Pyar and Sa Meik .jpg

မြောက်ခင်ရန်းရွာရဲ့ အရှေ့ဘက်က စန်းမြို့ရွာဆိုရင်လည်း စစ်အာဏာသိမ်းတာဆန့်ကျင်လို့ ပြီးခဲ့တဲ့တစ်နှစ်ကျော်ကတည်းက တစ်ရွာလုံး မီးရှို့ဖျက်ဆီးခံထားရပြီး ရွာသားတွေလဲ အခုအချိန်ထိ တောထဲမှာ ပုန်းခိုနေရတာပါ။

တရားမျှတမှုရဖို့ ဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ရမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။

“ဖမ်းမိတဲ့တပ်ဖွဲ့ဝင်တွေကို လူသားဆန်ဆန်ဆက်ဆံရမှာဖြစ်ပါတယ်။ ဒီလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ သက်ဆိုင်ရာကိုပဲ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ လူတွေကိုခြိမ်းခြောက်ဖို့ ရည်ရွယ်ပြီး ရုပ်သံရိုက်ဖို့အတွက် အရှင်လတ်လတ်မီးရှို့ရမှာ မဟုတ်ပါဘူး။ အခုတော့ အဲဒီလုပ်ရပ်မှာပါတဲ့သူတွေအားလုံးကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ဆေးမေးမြန်း အရေးယူရမှာဖြစ်ပါတယ်။ အဲဒီလိုအရေးယူမှပဲ လူမဆန်အောင်သတ်ဖြတ်ခံလိုက်ရတဲ့သူတွေအတွက် တရားမျှတမှု ယူပေးနိုင်မှာဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က မြောက်ခင်ရန်းရွာ ပြစ်မှုကျူးခဲ့တဲ့ကိစ္စမှာ ပါဝင်ခဲ့သူထဲက တစ်ယောက်ကို ဖမ်းမိထားတယ်လို့ RFA ကို ပြောပါတယ်။

“ဒီဖြစ်စဉ်မှာ အသက်မသေဘဲကျန်ပြီး လွတ်မြောက်ခဲ့တဲ့သူ တစ်ယောက်ကိုလည်း NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက လိုအပ်တဲ့အချက်အလက်တွေ စုံစမ်းမေးမြန်းထားပြီးပြီဖြစ်ပါတယ်။ အဲဒီလိုပဲ (NUG) ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့လည်း အမှုစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ဒီထဲမှာပါနေတဲ့သူတွေကို ဖမ်းဆီးရရှိနိုင်ဖို့လည်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလက်ရှိ ဒီထဲမှာပါဝင်တဲ့သူတစ်ဦးကို ဖမ်းဆီးရရှိထားတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်”

လောလောဆယ်မှာတော့ ရွာသားတွေက ကြောက်ရွံ့နေကြပြီး ကျူးလွန်တဲ့သူတွေက ဘယ်သူလဲဆိုတာ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ အားလုံးကတော့ တရားမျှတမှုကို မျှော်လင့်နေကြတယ်လို့ RFA ကို ပြောကြပါတယ်။

RFA Burmese