မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့သုံးနှစ်က အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခက်အခဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး တစ်တိုင်းပြည်လုံးမှာလည်း စစ်မီးတောက်လောင်ခဲ့ပါတယ်။

ဒီသုံးနှစ်အတွင်း စစ်တပ်ရဲ့အာဏာတည်မြဲရေး ကြိုးပမ်းမှုအတွင်းမှာလည်း အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့သလို လူပေါင်း နှစ်သန်းခြောက်သိန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လူပေါင်း နှစ်သောင်းနီးပါးလည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။

Photo: RFA
Photo: RFA

သေဆုံးသူတွေဟာ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ၊ ရွာတွေမှာ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ စတဲ့နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

သုံးနှစ်အတွင်း လူအသေအပျောက်အများဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုပါ။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့အမျိုးသမီးတွေအပါအဝင် လူ ၁၇ဝ နီးပါး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့သူတွေဟာ ဒီနေ့အထိ စိတ်ဒဏ်ရာတွေ ခံစားနေရတယ်လို့ ပဇီကြီးရွာခံတစ်ဦးက ပြောပါတယ်။

“လူတွေက အဲဒီရွာဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် နေ့စဉ်နဲ့အမျှ အကြောက်တရားတွေနဲ့ နေနေရတာပေါ့နော်။ တစ်ခါတစ်လေ ဂျက်ပျံရင်ကို အဲဒီ ဝေါ-ဝေါ နဲ့အသံကြီးကို လူတွေကစိတ်တွေက ကဏှာမငြိမ်ဖြစ်ပြီး ကလေးတွေဆိုရင် ငိုတယ် ကြောက်လန့်ပြီးတော့လေ။ ကျွန်တော်တို့ တစ်သက်စာကို မေ့ကြမှာမဟုတ်ဘူး”

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများ

Photo: RFA
Photo: RFA

အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ သုံးနှစ်အတွင်း လူပေါင်း နှစ်သောင်းခွဲကျော်ကို ဖမ်းခဲ့ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းဆီးတာအပြင် မွေးနေ့ဆုတောင်းပေးရုံ၊ ပန်းပန်ရုံနဲ့လည်း ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး စစ်ကြောင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ရှိသလို မြို့ပြမှာလည်း သားကို မမိလို့ အဖေကိုဖမ်းတာ၊ အဖေကို မရလို့ သမီးကို ဖမ်းထားတာ စတဲ့လုပ်ရပ်တွေကိုလည်း တွေ့ရပါတယ်။

ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးတာရှိသလို ၂၀၂၃ ခုနှစ်အတွင်း ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ကို ခေါ်ထုတ်သတ်ဖြတ်တယ် ဆိုတဲ့အထိ ဆိုးရွားလှတဲ့ အခြေအနေတွေ ကြားသိခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားပြီးနောက် လမ်းမှာ ကားမှောက်တဲ့အချိန် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိခဲ့ပါတယ်။

အဲဒီလူပေါင်း ၃၇ ယောက်ရှိပြီး၊ သေဆုံးတဲ့သူ ရှစ်ယောက်အထိ ရှိနေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျန်တဲ့သူတွေ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းလို့ မရခဲ့ကြပါဘူး။

Photo: RFA
Photo: RFA

သေဆုံးသွားသူတွေက ကိုဇင်ဝင်းထွဋ် (ခ) တရုတ်ကြီး၊ ကိုနေအေး (ခ) အာကာထက်ပိုင်မျိုး၊ ကိုရာလေး (ခ) ဇင်မြင့်ထွန်း၊ ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့်၊ ကိုဝေယံလွင် (ခ) ဂျာကြီး၊ ကိုခန့်လင်းနိုင် (ခ) ကိုခန့်၊ ကိုဘိုဘိုဝင်း (ခ) ထန်းတောကြီးနဲ့ ကိုအောင်မျိုးသူ တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလုပ်ရပ်ဟာ ၂၀၂၃ မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ အဆိုးဆုံးအခြေအနေတစ်ခုလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။

“၂ဝ၂၃ ထဲမှာ လုံးဝထူးခြားတဲ့ကိစ္စဆိုရင် အကျဉ်းထောင်ထဲကနေ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားပြီးတော့ အပြင်မှာသတ်ပစ်တဲ့ကိစ္စတွေ ဒါတွေက ဘယ်တုန်းကမှ မကြားဖူးတဲ့ကိစ္စတွေ ဖြစ်တယ်။ စစ်အုပ်စုက အရပ်သားပြည်သူတွေကို မတရားအနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်တာ သတ်ဖြတ်တာတွေက ၂၀၂၃ ထဲမှာ အမြောက်အမြား ကြားသိနေရတယ်။ အရင် စစ်အာဏာရှင်တွေလက်ထက်နဲ့ အခုလက်ရှိ စစ်အုပ်စုလက်ထက်နဲ့ နှိုင်းယှဉ်လိုက်ရင် ညှဉ်းပန်းနှိပ်စက်မှု မတရားဖမ်းဆီးမှုတွေ မတရားသတ်ဖြတ်မှုတွေက အဆပေါင်းများစွာ ကွာခြားနေတာကို ကျွန်တော်တို့ တွေ့နေရတယ်”

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့ပေမယ့် ကျူးလွန်သူ တွေအပြစ်ပေးခံရခြင်းကနေ ကင်းလွတ်နေကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အပြစ်အပေးအရေးယူတာတွေ လုပ်နိုင်ဖို့ လိုအပ်တယ်လို့ AAPP တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ အိမ်ပေါင်း ရှစ်သောင်းနီးပါး ( ၇၈၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။ အဲဒီထဲက အိမ်သုံးသောင်းနီးပါး (၂၉၆၈၉ လုံး) ဟာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်ပျက်စီးခဲ့တာပါ။

ဒီသုံးနှစ်အတွင်းမှာ ၂၀၂၂ ခုနှစ်ကတော့ မီးလောင်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုရဲ့ ထက်ဝက်ကျော်ဟာ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာ ဖြစ်ခဲ့တာပါ။

Photo: RFA
Photo: RFA

သုံးနှစ်အတွင်း မီးရှို့ခံရတဲ့အိမ်အများစုကတော့ စစ်ကိုင်းတိုင်းက ဖြစ်ပြီး အိမ်ပေါင်း ခြောက်သောင်းနီးပါး ရှိခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့ ပုံစံအများစုကတော့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ရပ်ရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် မီးလောင်တိုက်သွင်းတာတွေကို အများဆုံး မြင်တွေ့ခဲ့ရတယ်လို့ အိမ်မီးရှို့ဖျက်ဆီးခံရသူတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်၊ ရုံးစုရွာက ဒေသခံအမျိုးသမီးတစ်ယောက်က သူ့ဖြစ်ရပ်ကို ပြောပြပါတယ်။

“မြွေပွေးမကြောက် မြွေဟောက်မကြောက် စုယုပြီးတော့ လုပ်ထားတာ။ တစ်သက်တာလုပ်ထားတဲ့ ဟာလေးတွေ ချဲလည်းမပေါက်ဖူးဘူး၊ ထီလည်းမပေါက်ဖူးဘူး။ ဆင်းဆင်းရဲရဲနဲ့ အိမ်ထောင်ကျပါပြီဆိုကတည်းက လုပ်ကိုင်ထားတဲ့ ဟာလေးတွေ အကုန်ပါသွားတာ။ ဘာမှကို ရလောက်စရာ မကောင်းတော့ဘူး။ ထန်းရွက်တဲ ဆောက်ဖို့တောင် ထန်းရွက်မရှိဘူး”

အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ 

နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရမှုတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဟာလည်း နှစ်သန်းနဲ့ ခြောက်သိန်းကျော်အထိ ရှိလာပါတယ်။ အဲဒီအထဲက လူပေါင်း ခြောက်သိန်းကျော်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာမှ နိုင်ငံတစ်ဝန်းထွက်ပြေးရတဲ့ အရေအတွက်ဖြစ်ပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရတာအပြင် ဒုက္ခသည်တွေဟာ လုံလောက်တဲ့ အမိုးအကာတွေအောက်မှာမနေရတာ၊ ကလေးငယ်တွေ ပညာသင်ခွင့်ဆုံးရှုံးတာတွေအပြင် နိစ္စဓူဝစားဝတ်နေရေးကိစ္စတွေနဲ့ ဆေးဝါးအတွက် အခက်အခဲတွေပါ ကြုံနေရတာပါ။

Photo: RFA
Photo: RFA

စစ်ရေးပြင်းထန်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာတော့ ကုန်စည်ပို့ဆောင်ရေး ကုန်းလမ်း၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ထားတဲ့အတွက် ဒုက္ခသည်တွေ အစာရေစာရှားပါး ပြတ်လတ်တဲ့ အခြေအနေတွေကိုပါ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒေသတချို့မှာလည်း အင်တာနက်လိုင်းတွေ ဒီနေ့အထိ ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးအတွက်ပါ အခက်အခဲကြုံတွေ့နေကြရတာပါ။

စစ်ရေးအခြေအနေ  

အာဏာသိမ်း သုံးနှစ်မြောက်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကတော့ နိုင်ငံတစ်ဝန်း စစ်ရေးအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး မြန်မာစစ်တပ်ဘက်က နယ်မြေတွေ၊ မြို့ရွာတွေ၊ တပ်စခန်းတွေအများအပြား လက်လွှတ်ခဲ့ရပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ စစ်ရေးအရ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်အဆင့် ခုနစ်ယောက် လက်နက်ချသလို၊ တစ်ယောက်ကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းမိထားပြီး၊ တပ်ရင်းအလိုက် လက်နက်ချတာတွေ၊ ထွက်ပြေးတဲ့ တပ်သားတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။

ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းအား မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့အပြီး ထုတ်ပြန်ထားသည့်ပုံ။ (Photo: The Kokang)
ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းအား မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့အပြီး ထုတ်ပြန်ထားသည့်ပုံ။ (Photo: The Kokang)

စာရင်းတွေအရ အနည်း ဆုံး စစ်ကောင်စီတပ်သား သုံးထောင်ကျော် လေးထောင်နီးပါး လက်နက်ချတာတွေ့ရပါတယ်။ အဲဒီအပြင် သံချပ်ကာတင့်ကားတွေ၊ လေယာဉ်ပစ်သေနတ်တွေနဲ့ တာဝေးပစ် ဟောင်ဝစ်ဇာလက်နက်တွေကစလို့ လက်နက်အများပြားကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရှိခဲ့သလို စစ်တပ်ရဲ့ တပ်စခန်း ၂၅၀ ကျော်ကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့တိုက်လေယာဉ်တွေကိုလည်း ကရင်နီပြည်နယ်မှာ တစ်စင်း၊ ကချင်ပြည်နယ်မှာ တစ်စင်း၊ ကရင်ပြည်နယ်မှာတစ်စင်း တော်လှန်ရေးအင်အားစုတွေက ပစ်ချခဲ့လို့ ပျက်စီးခဲ့ပါတယ်။

ဒီစစ်ဆင်ရေးနဲ့အတူ နိုင်ငံအနှံ့က တိုက်ပွဲတွေအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ခရိုင်အဆင့်မြို့တွေအပါအဝင် မြို့နဲ့ရွာပေါင်း ၃၂ နေရာကို သိမ်းပိုက်ထားပါတယ်။

ဒါဟာ မြန်မာစစ်တပ်ဟာ ရ၅ နှစ်အတွင်း မကြုံဖူးအောင် ရှုံးနှိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

“စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ကတော့ ၇၅ နှစ်အတွင်းမှာ ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးတဲ့ တစ်နိုင်ငံလုံးက ဗမာလူမျိုးအပါအဝင် လူတန်းစားမရွေး သူတို့ကို ၀ိုင်းဝန်းပြီး တော်လှန်နေကြတဲ့ အခြေအနေမျိုးကို မြင်တွေ့နေရပါတယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့ကျဆုံးမှုတွေ၊ ပေးဆပ်လိုက်ရတဲ့ စခန်းတွေ၊ လက်နက်တွေ ရိက္ခာတွေ အကုန်လုံး သူတို့အတွက် ဆုံးရှုံးမှု ကြီးမားတဲ့အခြေအနေလို့ ပြောလို့ရတယ်။ ဒါကြောင့် ပြန်လည်နာလန်ထူနိုင်ဖို့ သူတို့ဘယ်လိုနည်းနဲ့မှ အာဏာသိမ်းခင်က အခြေအနေမျိုးကို ပြန်ရမှာ မဟုတ်ဘူးလို့ ယူဆတယ်”

စစ်ကောင်စီထိပ်ပိုင်း အပြောင်းအလဲများ 

အရင်က အယောက် ၂၀ နဲ့ဖွဲ့ထားတဲ့ စစ်ကောင်စီကို ၂၀၂၃ စက်တင်ဘာလမှာတော့ ၁၈ ယောက်နဲ့ ပြင်ဆင်လိုက်ပြီး အကြံပေးကော်မတီတစ်ခုကို အရင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းတွေအပါအဝင် ၁၀ ယောက်နဲ့ဖွဲ့လိုက် ပါတယ်။

အဲဒီနောက် ၂၀၂၃ ခုနှစ်ထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူယုံကြည်ရတဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကို လာဘ်စားမှုတွေနဲ့ ဖမ်းပြီး အရေးယူထောင်ချလိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းသုံးနှစ်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအပေါ် ပထမဆုံးကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူတဲ့လုပ်ရပ် ဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုနဲ့ စစ်တရားရုံးကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခဲ့ပြီး စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာပါ။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ (ဝဲ မှ ယာ)။ (Photo: Myanmar Military)
စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ (ဝဲ မှ ယာ)။ (Photo: Myanmar Military)

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ၂ဝ၂၁ ဖေဖော်ဝါရီလ စစ်ကောင်စီအဖွဲ့ စတင်ဖွဲ့စည်းချိန်မှာ အဆင့် နံပါတ် ခုနစ် နေရာရှိခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံလူရင်းတစ်ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူဟာ စစ်တပ်ထဲမှာလည်း စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးအထိ တာဝန်ပေးခံခဲ့ရတဲ့သူဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ နံပါတ် (၈) နေရာမှာရှိခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ ပြည်ထဲရေးဝန်ကြီးရာထူးရော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးတာဝန်တွေပါ ထမ်းဆောင်ခဲ့သလို စစ်တပ်ထဲမှာလည်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အထိ တာဝန်ယူခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ရင်းနှီးတဲ့ ရဲမှူးချုပ် ကျော်သီဟကိုလည်း အဂတိလိုက်စားမှုနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ထောင်သုံးနှစ်ချခဲ့ပါတယ်။

စစ်ကောင်စီထိပ်တန်းအရာရှိတွေရဲ့ အဂတိလိုက်စားမှုကိစ္စတွေ အပါအဝင်၊ အမေရိကန်ဒေါ်လာကိစ္စ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်ခဲ့ပြီး တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူရတဲ့အထိ လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးပါတီများ အခြေအနေ

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီပေါင်း ၄ဝ ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်မတင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခဲ့တာပါ။

ဖျက်သိမ်းခံတဲ့အထဲမှာ အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လည်းပါဝင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီတို့လည်း ဖျက်သိမ်းခံခဲ့ရပါတယ်။

စစ်ကောင်စီက လက်ရှိတည်ဆဲနိုင်ငံရေးပါတီလို့ သတ်မှတ်ထားတဲ့ပါတီတွေထဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၄၅ ပါတီ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပြီး၊ အဲဒီကနေ ရလာမဲ့စာရင်းအရ ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ထပ်ရလာရင် ရွေးကောက်ပွဲ ကို တစ်ပြည်လုံးအနှံ့ ကျင်းပနိုင်အောင် ကြိုးပမ်းမယ်လို့ အခုဇန်ဝါရီလထဲမှာ အကြိမ်ကြိမ်ထုတ်ပြောထားပါတယ်။

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းပြောပြနေစဉ်။ (Photo: AFP)
၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းပြောပြနေစဉ်။ (Photo: AFP)

စစ်တပ် အာဏာစသိမ်းစဉ်က ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာ ကျင်းပဖို့ ကြိုးစားမယ်လို့ ပြောဆိုခဲ့တာရှိပေမယ့် လက်တွေ့ဖြစ်မလာဘဲ တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို စစ်ကောင်စီက အကြိမ်ကြိမ်သက်တမ်းတိုးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေကိုတော့ လူထုက စိတ်မဝင်စားဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးထက်မြက်ကသုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကတော့ လူထုရဲ့အင်အားကို ဆွဲယူနိုင်တဲ့ လှုပ်ရှားမှုတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်လိုက်သလား လုပ်လိုက်မှာပဲ။ နောက်တစ်ခါ နိုင်ငံရေးပါတီတွေ အဲဒီနိုင်ငံရေးပါတီတွေကိုတော့ ထည့်မပြောနဲ့ လူထုကလုံးဝစိတ်မဝင်စားဘူး ဒီနိုင်ငံရေးပါတီတွေကို”

ရှေ့အလားအလာ

စစ်ကောင်စီဟာ အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှတော့ စစ်တပ်ထိပ်ပိုင်းအရှာရှိနဲ့ ဝန်ကြီးတချို့ကို အပြောင်းအလဲ ပြုလုပ်လာပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့မှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄)ရဲ့ ပြည်ထောင်စုဝန်ကြီးရာထူးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲခန့်ထားလိုက်တာပါ။

သူ့ကို ဒီလိုခန့်လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံက လေ့လာသုံးသပ်အကြံပြုနိုင်ဖို့ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောထားပါ တယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးလို့ခေါ်တဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ဝန်ကြီးဌာနလေးခုအထိ ရှိလာပြီး အဲဒီဝန်ကြီးတွေကိုလည်း အခုဇန်နဝါရီလထဲမှာပဲ အသစ်ခန့်ထားတာပါ။

စစ်ကောင်စီဥက္ကဋ္ဌရုံး အမှတ် (၁)ဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်၊ အမှတ် (၂)ဝန်ကြီးကို ဦးအောင်နိုင်ဦးနဲ့ အမှတ် (၃) ဝန်ကြီးအဖြစ်ကိုတော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးကို ပြောင်းလဲခန့်ထားလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးမိုးအောင်ကတော့ အမှတ် (၄) ဝန်ကြီး ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပခဲ့စဉ်။  (Photo: Myanmar Military)
၂၀၂၃ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပခဲ့စဉ်။ (Photo: Myanmar Military)

စစ်ကောင်စီ ဥက္ကဋ္ဌရုံးတွေ တိုးချဲ့ခန့်ထားတာဟာ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးတွေ တိုးချဲ့ဖွဲ့စည်းပုံနဲ့ ဆင်တူနေပြီး မကြာခင် ရက်ပိုင်းမှာ ရောက်လာတော့မယ့် စစ်အာဏာသိမ်း သုံးနှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အုပ်ချုပ်ရေး အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်တာလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ဒီတစ်ကြိမ်မှာ အရင်လို သက်တမ်းမတိုးတော့ဘဲ ဇန်နဝါရီလကုန်မှာ ခေါ်ဖို့ရှိနေတဲ့ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေတစ်ဆင့် အုပ်ချုပ်မှုအပြောင်းအလဲတွေ လုပ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ယောက်က ပြောပါတယ်။

“အကောင်းဆုံးကတော့ ကာလုံကိုအာဏာပြန်အပ်ပြီးတော့ ကြားဖြတ်အစိုးရဖွဲ့ ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်။ ဒီနည်းက အကောင်းဆုံးပဲပေါ့နော်။ လက်ရှိအနေအထားအရလည်း အကျပ်အတည်းဖြစ်နေတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ကလည်း ကမ္ဘာ့ဓလေ့ထုံးတမ်းနဲ့ညီတဲ့ ဒီမိုကရေစီအစိုးရတစ်ခု တက်လာလို့ရှိရင် ဒါကထွက်ပေါက်ပါပဲ။ အဲဒီတော့ ဒီထွက်ပေါက်ကို သွားလိမ့်မယ်လို့ ကျွန်တော်က ယူဆတယ်”

တိုင်းပြည်လုံခြုံရေး မကောင်းသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီဟာ ဒီတစ်ကြိမ် ဘာဆက်လုပ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်က ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ၂ဝ၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်တယ်လို့ UNOCHA က ပြောထားပါတယ်။

RFA Burmese