ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျီးလေးရွာကို ဇန်နဝါရီလ ၁၅ ရက် ညနေ နှစ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှု မလုပ်ခင် ဇန်နဝါရီလ ၁၄ ရက်မှာ ရက္ခိုင့် တပ်တော် (AA) က ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီဆီကနေ သိမ်းယူထားတာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးသူတွေဟာ ပလက်ဝမြို့ပေါ်ကနေ ကျီးလေးရွာကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲ ရှောင်နေရသေးတယ်။ ရှောင်တဲ့နေရာမှာလည်း မလုံခြုံဘူး ဖြစ်နေတယ်။ ပလက်ဝမြို့နားက ကျီးလေးရွာမှာ လေကြောင်းနဲ့ ပစ်လို့ လေးဦးသေတယ်၊ သုံးဦး ဒဏ်ရာရတာ ရှိတယ်”

သေဆုံးသူတွေဟာ အသက် ၅ နှစ်အရွယ် မောင်မြတ်သူအောင်၊ အသက် ၄၉ နှစ်အရွယ် ဦးမောင်ကျန်၊ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဖြူနဲ့ အသက် ၃၆ နှစ်အရွယ် ဇော်ဇော်လွင်တို့ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေက အသက် ၂၂ နှစ်အရွယ် မောင်အောင်ဆန်း၊ မီးလက်ဝရွာကနေ လာရောက် တိမ်းရှောင်နေတဲ့ အသက် ၈ နှစ်အရွယ် မဆန်းဆန်းနွယ်နဲ့ အသက် ၃၉ နှစ်အရွယ် နွယ်နွယ်သန်းတို့ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းကျော်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

RFA Burmese News