၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

အောက်တိုဘာလ (၈)ရက်မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၇)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ အသက်မပြည့်သေးသူ အပါအဝင် ပြည်သူ (၂)ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာလ (၉) ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာရှိ မုန်လိုင်ချက် စစ်ဘေးရှောင် စခန်းကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် (၁၃)ဦး အပါအဝင် ပြည်သူ (၃၂)ဦး သေဆုံးခဲ့သည်။ အောက်တိုဘာလ (၁၃)ရက် နေ့မှ စ၍ ချင်းပြည်နယ် တီးတိန်မြို့ကို

စစ်အာဏာရှင်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၅)ဦးခန့် သေဆုံးခဲ့ပြီး (၁၈)ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၂၂)ကျော် ဖမ်းဆီခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကလေးငယ် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁၅)ဦး သေဆုံး ခဲ့ရသည်။