စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ရွာတွေထဲ စစ်ကောင်စီတပ်သား ၂ဝဝ လောက်ပါတဲ့ စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ရွာသား သုံးထောင်ကျော်ထွက်ပြေးနေရတယ်လို့ ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၁ နဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာ စက်တင်ဘာလ ၂၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ ရွာတွေထဲ စစ်ကြောင်းလှည့်လည်နေတာကြောင့် အနီးတစ်ဝိုက် ရွာဆယ်ရွာက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးကို စိုးမိုးထားနိုင်ဖို့ အဲဒီကားလမ်းဘေးမှာရှိတဲ့ ငှက်ပျောတိုင်းရွာမှာ အထိုင်ချဖို့ လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကြောင်းဖြတ်သန်းပြီးသွားတဲ့ရွာတွေက ဒေသခံတချို့ ရွာတွေထဲ ပြန်နေကြပြီဖြစ်ပေမဲ့ စခန်းချနေတဲ့ ငှက်ပျောတိုင်း၊ ပေကြီး၊ ခအုံးတာ စတဲ့ ရွာသုံးရွာက ဒေသခံတွေကတော့ ဆက်ပြီး ထွက်ပြေးနေရပါတယ်။

ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက” အရင်က နှစ်ရက်သုံးရက်ပဲ ထွက်ပြေးခဲ့ရပေမဲ့ ဒီတခါ စစ်ကြောင်းလို့ထွက်ပြေးရတာက နှစ်ပတ်ကျော်ကြာပြီ၊ စစ်တပ်ကလည်း အထိုင်ချဖို့ပြင်နေတာကြောင့် ရွာထဲပြန်ဝင်ဖို့က မလွယ်တော့ဘူး။ စားသောက်ဖို့အတွက် အခြေခံလူသုံးကုန်တွေ မရှိတော့လို့ အခက်အခဲဖြစ်နေကြတယ်” လို့ RFA ကိုပြောပါတယ်။

ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ စစ်ကြောင်းတပ်စွဲနေတာကြောင့် ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်နေ့မှာ အင်းလယ်ကြီးရွာက အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အသက်နှစ်သားကို နောက်ပိုင်းပြန်လွှတ်ပေးလိုက်ပေမဲ့ ကျန်အမျိုးသားနှစ်ဦးက မလွတ်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်ကြောင်းထိုးနေတဲ့ကိစ္စကို မေးမြန်းဖို့ စစ်ကိုင်းတိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅ဝဝ) ရှိလာပါပြီ။

RFA Burmese