၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်းတွင် စစ်အာဏာရှင်တပ်သားများက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီးမှ ပြည်သူ (၆)ဦးကို စစ်တပ်သား များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသူ ကလေးငယ်(၁၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (၂၇)ဦး အပါအဝင် ဒေသခံပြည်သူ (၃၂)ဦး သေဆုံးခဲ့ရသည်။

မြေမြှုပ်မိုင်းများကြောင့် တပတ်အတွင်း ပြည်သူ (၂)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ (၃၂)ဦးခန့် သေဆုံး ခဲ့ပြီး (၁၄)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၁၂)ဦး ကျော်ကို ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုုးဖောက်မှုများကြောင့် အသက်မပြည့်သေးသူ (၁)ဦး သေဆုံးခဲ့ရပြီး (၂၁)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။