ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းရွာက ဒေသခံအမျိုးသား သုံးဦးကို စက်တင်ဘာလ ၂၉ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေဦး၊ အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဦးကြီးတို့ကို စစ်ကောင်စီခမရ -၂၀ က ဖမ်းဆီးခဲ့တာပါ။

စက်တင်ဘာလ ၃၀ ရက်မှာတော့ ဦးမင်းမင်းနဲ့ ဦးကြီးတို့ နှစ်ဦးသတ်ဖြတ်ခံရပြီး ကိုဖြိုးဝေဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ် ခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ သုံးဦးစလုံးကတော့ လယ်သမားတွေပဲ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက် ကြတာပါ။ ဒါကို စစ်တပ်က PDF နဲ့ ဆက်စပ်တယ်။ သတင်းပေးနေတယ်ဆိုပြီး ဖမ်းလိုက်တာ။ အဖမ်းခံရတဲ့ သုံးဦးထဲက ကိုဖြိုးဝေဦးကတော့ ထွက်ပြေးလာနိုင်ခဲ့တယ်။ အခုဘေးကင်းရာ နေရာရောက်ပြီ”

သတ်ဖြတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းက ပုဇွန်မြောင်းရွာအနီးမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ သူက ပြောပါတယ်။

ပုဇွန်မြောင်းရွာဟာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော်နေထိုင်ပြီး စစ်ကောင်စီတပ်ကြောင့် လက်ရှိ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် (၂၁၆,၇၅၄ ဦး) ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KSPN) ရဲ့ စက်တင်ဘာလ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA Burmese