၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့တွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့ နယ်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်မှ အမျိုးသမီး (၂)ဦး နှင့် ကရင်ပြည်နယ် လယ်ဒိုမြို့မှ အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက မန္တလေးတိုင်း ဒေသကြီး မြင်းခြံထောင်မှ နိုင်ငံရေး အကျဥ်းသား (၈၀) ကျော် ရိုက်နှက်စစ်ဆေးခဲ့ပြီး ဆေးကုသခွင့်မပေးဘဲ ထောင်ဝင်စာ ၃ လပိတ်ထားကြောင်း သိရသည်။

စစ်အာဏာရှင်တပ်အနေဖြင့် တပတ်အတွင်း ပြည်သူပိုင်နေအိမ်(၅) လုံးနှင့် ဆန်စက်တခု တို့ကို သိမ်းဆည်းခဲ့သည်။ စစ်အာဏာရှင်များက ဇွန်လ (၁၂)ရက်နေ့တွင် PDF ဖမ်းမိလျှင် နေထိုင်ခဲ့သည့် တိုက်ခန်းနှင့် အဆောင်ကို ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ထုတ်ပြန်ကြေငြာခဲ့သည်။ စစ်အာဏာရှင်တပ်သားများအနေဖြင့် ဒေသခံ ပြည်သူများ နေထိုင်ရာ နေရာများကို စစ်ကြောင်းထိုးကာ ပြည်သူပိုင် အဆောက်အဦးများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးညှင်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းများ ဆက်လက်ကျုးလွန်လျှက်ရှိသည်။