ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ် မြို့နယ်၊ ရွာတန်းရှည်ရွာမှာ ဇွန်လ ၇ ရက် ဒီနေ့မနက် ကိုးနာရီခွဲဝန်းကျင်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် သေဆုံးပြီး အသက်လေးနှစ်အရွယ် နန်းရေဝတီနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်တပိတို့သားအမိ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တော်လှန်ရေးရဲဘော်တွေကို အကူအညီမပေး နိုင်အောင် စစ်ကောင်စီတပ်က ရွာသားတွေကိုပစ်မှတ်ထားပစ်ခတ်နေတာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီတော်လှန်ရေးရဲဘော်တွေကို ထောက်ပံ့မှုတွေ၊ ကူညီမှုတွေမလုပ်နိုင် အောင် ဒီလိုရည်ရွယ်ပြီး တော့ပဲ သူတို့က ရွာသားတွေကိုပစ်မှတ်အနေနဲ့ လုပ်နေတာ”

အမည်မဖော်လိုတဲ့ KNLA စစ်ကြောင်းတာဝန်ရှိသူကလည်း ကော့ကရိတ်တောင်ပိုင်း ရွာတန်းရှည်ရွာဘက်မှာ KLNA ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ပွဲဖြစ်ပြီး  စာသင်ကျောင်းအနီးကခြံဝင်းထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သေဆုံးတာလို့  RFA ကို ပြောပါတယ်။

လှိုင်၀အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဒီအပေါ်  RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေး သလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က တယ်လီဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆို ပါဘူး။

ဇွန်လ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြောက်ပိုင်း ခနိမ်းမူနဲ့ တတံကူးရွာရွာဘက်ကို ခလရ (၉၇) တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်ယာခြံကပြန်လာတဲ့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ရွာသားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ KNU ကျန်းမာရေးဝန်ထမ်းက အတည်ပြုပြောပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့တံတားထိပ်မှာ စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ KNU တပ်မဟာ (၆) နယ်မြေထဲက မြဝတီ ကျောက်တောင်၊ ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကြာအင်းဆိပ်ကြီးဒေသတွေမှာ စစ်ကောင်စီ လေတပ်၊ ကြည်းတပ်တွေနဲ့ KNLA – PDF ပူးပေါင်း စစ်ကြောင်းတွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့လည်း KNU က ထုတ်ပြန်ပါတယ်။

KNLA နဲ့ PDF ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကိုသတင်းပို့ကြဖို့ ကော့ကရိတ်မြို့ပြင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တွေကို  စစ်‌ကောင်စီတပ်ဘက်က ပြောဆိုထားပြီး သတင်းမပို့ရင် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီရေး လုပ်ဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံ လေးသိန်းကျော် ထွက်ပြေးနေရပါတယ်။

RFA Burmese