၂၀၂၃ ခုနှစ် မေလ (၂၂) ရက်မှ (၃၁) ရက်အတွင်း စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများ

မေ (၂၂)ရက်မှ မေ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးများ အသုံးပြုခြင်း တိုက်ခိုက်ခြင်း၊လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး မြင်းခြံထောင်၊ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီထောင် နှင့် ကျိုက်စကောထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်ထားသောကြောင့် သေဆုံးသူ များလည်း ရှိနေကြောင်း သိရှိရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ သတ်ဖြတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃)ဦး သေဆုံးခဲ့သည်။

စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် အသက်မပြည့်သေးသူ အပါအဝင် ပြည်သူ (၈)ဦးကို စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက် ပစ်သတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ က ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး စီးပွားရေးတက္ကသိုလ်အနီး အမှတ် ၂ လမ်းပေါ်တွင် လူငယ် ၅ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး စမ်းချောင်းမြို့နယ်မှ လူငယ် (၁၆)ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် စစ်အာဏာရှင်လက်အောက်ခံ SNA တပ်ဖွဲ့က ဒေသခံပြည်သူများကို ခြိမ်းခြောက်ကာ အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းလျှက်ရှိသည်။